၈. ၁၀. ၂၀၂၂
Written by Nay Moe
SAC ကို အချိန်ပေး၍ မဖြစ်တော့သည့်အတွက် NUG နှင့် မဟာမိတ်များက စစ်မျက်နှာ ၆ ခု ဖွင့်တိုက်ရန် အရှိန်မြှင့် ထိုးစစ်ဆင်ရေးတစ်နှစ်စီမံချက် ရေးဆွဲနေသည်ဟု NUG က ထုတ်ပြန်သည့် “ပြည့်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ တင်ပြခြင်း” တွင် ဖော်ပြထားပြီး တစ်နှစ်အတွင်း အောင်မြင်မှု ရှိ မရှိကိုမူ အာမခံနိုင်ခြင်းမရှိကြောင်း NUG ၏ Press Secretary Team မှ ကိုနေဘုန်းလတ်က ပြောသည်။
NUG အနေဖြင့် PDF များ ဖွဲ့စည်းခဲ့ရာ တစ်နှစ်အတွင်း SAC ကို တိုက်ခိုက်နိုင်သည့် အင်အားတစ်ရပ်ကို EAO များနှင့် ပူးပေါင်းပိုင်ဆိုင်နိုင်နေပြီဖြစ်သည်။ နယ်မြေစိုးမိုးမှုတွင် တစ်နိုင်ငံလုံး ဧရိယာ၏ ရာခိုင်နှုန်း ၅၀ ကျော်ကို NUG က စိုးမိုးထားနိုင်ပြီဟု ဆိုသည်။
ထို့ပြင် NUG ၏ ရဲတပ်ဖွဲ့ ထူထောင်ကာ ယာယီအချုပ်ခန်း ၂၀ ကျော်နှင့် အမှုအခင်း ၁၁၆ မှုကို စစ်ဆေးနေပြီဟုဆိုသည်။
ထို့ပြင် လာမည့်တစ်နှစ်အား ”အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်” အဖြစ် သတ်မှတ်ပြီး တစ်ချီတည်းရုန်းကြရန် အချိန်ကျပြီဖြစ်ကြောင်းလည်း NUG ၏ လုပ်ငန်းစဥ်တွင် ဖော်ပြထားသည်။
ထိုသို့ ‘အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်”အဖြစ် တစ်နှစ်အတွင်း အဆုံးအဖြတ်ပေးနိုင်ရန် အာမခံနိုင်ခြင်း ရှိ မရှိ သတင်းထောက်များက မေးမြန်းရာ NUG ၏ Press Secretary Team မှ ကိုနေဘုန်းလတ်က ” သူတို့လွယ်လွယ်ကူကူနဲ့ ဒီထိုင်ခုံပေါ်ကနေ ဒီနေရာကနေ ဖယ်ရှားပေးမယ်ဆိုတဲ့ ကိစ္စ ဒါအားလုံးလည်း သိကြပြီးဖြစ်လိမ့်မယ်။ ကျွန်တော်တို့က ဒီတစ်နှစ်မှာ ဘာဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ ဘယ်လို အာမခံမလဲ။ ကျွန်တော်တို့အာမခံနိုင်တာတစ်ခုတော့ရှိတယ်။ အဲဒါကတော့ အဖြေပေါ်မယ်ဗျာ။ ဒီတစ်နှစ်ဟာ အဆုံးအဖြတ်နှစ်ပဲ။ ‘အဆုံးသတ်တိုက်ပွဲ၏ အဆုံးအဖြတ်နှစ်”ပဲဆိုတဲ့စကားကို ကျွန်တော်တို့ သေချာရွေးချယ်ပြီးတော့ သုံးထားခြင်းဖြစ်ပါတယ်။ ဒီတစ်နှစ်မှာ ကျွန်တော်တို့က တိုးတက်မှုရှိတယ်ဆိုပေမဲ့လည်း လိုအပ်ချက်ရှိနေတာလေးတွေ ဝိုင်းရုန်းပြီး ဖြည့်ဆည်းကြမယ်ဆိုရင် စစ်အာဏာရှင်ပြုတ်ကျရေးပန်းတိုင်ကိုရောက်မယ်ပေါ့။ အဲဒါကြောင့် ဒီတစ်နှစ်မှာ ဝိုင်းရုန်းကြရင် အဖြေပေါ်မယ်။ ဘယ်သူကနိုင်ပြီး ဘယ်သူရှုံးမယ်ဆိုတာ အဖြေပေါ်မဲ့နှစ်ပေါ့။ ဒီလိုအဖြေပေါ်မဲ့နှစ်လို့ပဲ ကျွန်တော်ဒီလိုမျိုးဖြေချင်ပါတယ်”ဟု ပြောသည်။