October 22, 2024

၆.၂. ၂၀၂၃
Written by Phyo Wei

တပ်မတော်ခေါင်းဆောင်တွေအနေနဲ့ နိုင်ငံ့မျက်နှာ၊ လူငယ်တွေ၊ ကလေးတွေရဲ့ အနာဂတ်ကို ကြည့်ပြီး အင်အားသုံးဖြေရှင်းတဲ့ နည်းလမ်းတွေကို ဆက်လက်မကျင့်သုံးဘဲ နိုင်ငံရေးထွက်ပေါက်တစ်ခုပေးဖို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက တောင်းဆိုမှုပြုခဲ့တဲ့ ဒီရက်သတ္တပတ်မှာ တရားဝင်လမ်းကြောင်းပေါ်က မဟုတ်တဲ့ NUG နဲ့ PDF တွေရဲ့ အင်အားသုံးအကြမ်းဖက်သတ်ဖြတ်မှုတွေ ပိုတိုးလာခဲ့တာကို တွေ့ရသလို တပ်မတော်စစ်ကြောင်းတွေဘက်ကလည်း နယ်မြေရှင်းလင်းမှုတွေ ဒေသအနှံ့မှာ လုပ်လာနေတာကြောင့် စစ်ရှိန်မြင့်သထက် မြင့်လာနေတဲ့ အခြေအနေလို့ ပြောရမှာပါ။

တစ်ဖက်မှာလည်း လက်နက်ကိုင်သင်တန်းဆင်းလာသူတွေ UG လုပ်ဖို့ မြို့ထဲပြန်ဝင်လာနေပြီဆိုတဲ့ မြေပြင်သတင်းစကားတွေကြောင့် နေရာအနှံ့ဆက်ဖြစ်လာဦးမဲ့ ဖောက်ခွဲတိုက်ခိုက်မှုတွေကြားမှာ အသိဉာဏ်မပါတဲ့ကျည်တွေဟာ ငွေလှုနေသူတွေရဲ့ မိသားစုတွေရော လွတ်ပါ့မလား တွေးတောချိန်ဆရတော့မှာဖြစ်ပေမဲ့  အကြမ်းဖက်တိုက်ခိုက်မှုတွေကိုပဲ လက်ခုပ်လက်ဝါးတီးနေဆဲ မြန်မာ့လူ့ပတ်ဝန်းကျင်ကြောင့် ပဋိပက္ခတွေ ပိုပြင်းထန်လာဖို့သာ မြင်နေရတဲ့ ဒီရက်သတ္တပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ မြေရှားသတ္တုဟာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အကျိုးစီးပွားဖြစ်နေတဲ့အကြောင်း၊ သိန်း ၃၀၀၀၀ ကျော် အလွဲသုံးစားလုပ်ပြီး ဖျက်သိမ်းပြေးတဲ့ NUG ပညာရေးက FOEIM ကျောင်းအကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က NLD နာမည်မသုံးဖို့ တားမြစ်ခံရတဲ့ ဦးအောင်ကြည်ညွန့်ဦးဆောင်တဲ့ ပြည်ပြေး CRPH၊ NUG တို့ကြားက အကွဲအပြဲတွေအကြောင်းကို တင်ပြချင်ပါတယ်။

EAOs အကျိုးစီးပွား မြေရှား

မြန်မာနိုင်ငံမှာ မြေရှားသတ္တု(Rare Earth)ထွက်ပြီး ဒီသတ္တုတွေဟာ ကချင်ပြည်နယ်ဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ရာနယ်မြေဘက်ကနေ တရုတ်ကို ခိုးအထုတ်ခံနေရတယ်လို့ ကျယ်ကျယ်လောင်လောင်သိလာရတာက NLD အစိုးရဟောင်းလက်ထက် ၂၀၁၇ ကျမှပါ။ အဲဒီအချိန်က အာဏာသုံးရပ်ကျင့်သုံးခွင့်ရှိခဲ့တဲ့ NLD အစိုးရဟောင်းဟာ ဒီမြေရှားထုတ်လုပ်မှုကို ထိန်းချုပ်ဖို့ကြိုးစားပေမဲ့ မထိန်းချုပ်နိုင်ခဲ့သလို တရားဝင်တူးဖော်ခွင့်လိုင်စင်လည်း ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ NLD အစိုးရဟောင်းလက်ထက် ၂၀၁၈၊ ၂၀၁၉ ကျမှ ကုမ္ပဏီနှစ်ခုကို အသေးစားတရားဝင်လိုင်စင်ချပေးခဲ့တယ်လို့ NUG ရဲ့ သယံဇာတဝန်ကြီးဒေါက်တာတူးခေါင်တို့ရဲ့ စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ NLD အစိုးရဟောင်းဟာ ဒီလိုခွင့်ပြုခဲ့တာကို ပြည်သူတွေမသိခဲ့ရပါဘူး။ နောက် ဒီကုမ္ပဏီတွေက အလတ်စားအဖြစ်ပြောင်းလဲတူးဖော်ဖို့ လျှောက်ထားချိန်မှာ ၂၀၂၁ ပဋိပက္ခကြောင့် တရားဝင်ချမပေးနိုင်သေးတာကြောင့် လက်ရှိအချိန်မှာ မြေရှားတရားဝင်တူးဖော်ခွင့်မရှိသလို ဒါကို တူးဖော်နေတာက ပြည်သူ့စစ် NDA-K နဲ့ တရုတ်ကုမ္ပဏီပါလို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဒီမြေရှားဟာ KIO/KIA ထိန်းချုပ်ရာဒေသမှာပါ တူးဖော်နေတယ်လို့ သတင်းမီဒီယာတွေက ကျယ်ကျယ်ပြန့်ပြန့်ရေးလာနေပေမဲ့ ဒေါက်တာတူးခေါင်တို့ဟာ KIA ရဲ့ မြေရှားမှောင်ခိုတူးဖော်မှုကိုတော့ မျက်ကွယ်ပြုခဲ့ပါတယ်။

ဒါပေမဲ့သေချာတာကတော့ ဒီမြေရှားဟာ ပြည်ထောင်စုအဆင့်က တရားဝင်ခွင့်ပြုထားတာမဟုတ်ဘဲ ကချင်ဘက်က လက်နက်ကိုင်အဖွဲ့အစည်းတွေကပဲ တူးဖော်နေကြပြီး တရုတ်နိုင်ငံကို မှောင်ခိုလမ်းကြောင်းက တင်ပို့နေတာဖြစ်လို့ တစ်နှစ်တစ်နှစ်ကို မြေရှားတင်ပို့နေတဲ့ ဒေါ်လာသန်း ၆၀၀ လောက်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေဆီ စီးဆင်းနေတာဖြစ်ပြီး ဒီလိုစီးဆင်းမှုတွေကပဲ စစ်ပွဲတွေ ဆက်ဖြစ်နေဖို့ လက်နက်တွေဖြစ်လာနေတဲ့အခြေအနေကတော့ တွေးလေစိတ်ပျက်စရာအခြေအနေဖြစ်ပါလိမ့်မယ်။

သိန်း ၃၀၀၀၀ ကျော် အလွဲသုံးစားလုပ်ပြီး ကျောင်းဖျက်သိမ်းပြေးတဲ့ NUG ပညာရေး

NUG ထောက်ခံမှုနဲ့ ပြည်သူများစွာရဲ့ ရင်သွေးငယ်တွေ ကျောင်းထားခဲ့ပြီး ပြည်သူ့အလှူငွေနဲ့ လည်ပတ်ခဲ့တဲ့ FOEIM(Free Online Educational Institution Myanmar) ပညာရေးကျောင်းဟာ ပြည်သူ့အလှူငွေကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် အလွဲသုံးစားပြုလုပ်ပြီးနောက် လုံခြုံရေးကျိုးပေါက်မှုပါ ထပ်ဆင့်ဖြစ်ပွားခဲ့လို့ FOEIM ကို ပိတ်သိမ်းလိုက်ပါတယ်။ ဒီကျောင်းကို တည်ထောင်ခဲ့ချိန်က ထောက်ခံပေးခဲ့တဲ့ NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ နွေဦးဆရာအတတ်သင်တက္ကသိုလ်အဓိပတိ ဒေါက်တာသိန်းလွင်တို့ဟာ ကျောင်းတည်ထောင်တဲ့ ကိုခန့်သူရဲ့ သိန်း ၃၀၀၀၀ ကျော် အလွဲသုံးစားလုပ်မှုကို အရေးမယူတဲ့အပြင် ကျောင်းထားတဲ့ ကလေးငယ် ၅၀၀ နဲ့ မိသားစုတွေ အချက်အလက်ပေါက်ကြားတာကြောင့် ဒုက္ခကြုံနေရချိန်မှာတောင် ရေငုံနှုတ်ပိတ်၊ မသိကျိုးကျွံဆက်နေနေတာဟာ သူတို့ကို ယုံကြည်လို့ FOEIM မှာ ကျောင်းထားခဲ့တဲ့ မိသားစုတွေဘ၀ကို နင်းချေစော်ကားလိုက်သလိုပါပဲ။

နဂိုတည်းကမှ NUG ပညာရေးကျောင်းက အောင်လက်မှတ်ကို ဘယ်သူက အသိအမှတ်ပြုမှာလဲ။ ဘယ်နိုင်ငံက ဆက်တက်ခွင့်ပေးမှာလဲဆိုတဲ့ မေးခွန်းကိုတောင် ဖြေရှင်းနိုင်စွမ်းမရှိတဲ့ NUG ရဲ့ ကျောင်းသားလူငယ်တွေကို အသုံးချပြီး တာဝန်ယူ၊ တာဝန်ခံမှုမရှိတဲ့ ရေငုံနှုတ်ပိတ်လုပ်ရပ်တွေဟာ စိတ်ပျက်စရာကောင်းလှသလို တခြားနွေဦးကျောင်းတွေကလည်း အပုပ်နံ့တလှိုင်လှိုင်ထွက်လာနေတာမို့လို့လည်း သားသမီးအနာဂတ်တွေနဲ့ အလဲအထပ်လုပ်ပြီး NUG ကျောင်းတွေမှာ ထားမိတဲ့ မိဘတွေကတော့ အခါလွန်နောင်တတွေနဲ့ ပြည်တွင်းကကျောင်းတွေမှာ ပြန်ထားမယ်ဆိုတော့လည်း နှစ်နှစ်သုံးနှစ်အတွင်းမှာ လူကောင်ကကြီး၊ အတန်းကငယ်၊ ကျောင်းနေဖက်ရွယ်တူတွေက ကိုယ့်ထက်အတန်းကြီးလို့ ဆက်မတက်ချင်တော့ဘူးဆိုတဲ့ ရင်သွေးတွေကြောင့် ဘာဆက်လုပ်ရမလဲ မသိတော့တဲ့ အခြေအနေမျိုးကို ရင်ဆိုင်နေကြရတာပါ။ ဒီတိုင်းပြည်မှာ လူငယ်တွေအနာဂတ်၊ လူငယ်တွေရဲ့ ပညာရေးကို နင်းချေဖျက်ပြီး အသိဉာဏ်နုံနဲစွာနဲ့ လူတစ်စုအကျိုးစီးပွားအတွက် ဘ၀တွေဖျက်ဆီးနေတာတွေ ရပ်သင့်ပါပြီ။

NLD နာမည်မသုံးဖို့ တားမြစ်ခံထားရတဲ့ ပြည်ပြေးတို့ရဲ့ အကွဲအပြဲ

NUG ကို မွေးဖွားပေးခဲ့တဲ့ CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်တို့ဟာ NLD ဆိုတဲ့ နာမည်ကို လုံး၀အသုံးပြုခွင့်မရှိဘူးလို့ NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီ ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ သမ္မတဟောင်းဦးဝင်းမြင့်တို့က ၂၀၂၁ ခုနှစ်ကတည်းက တရားဝင်အသိပေးထားပြီးသားလို့ NLD ဗဟိုကော်မတီဝင်ဦးတိုးလွင်က ဖွင့်ဟလာပါတယ်။

“အစစအရာရာ ကိုယ့်ဘက်ကအင်အားစုတွေ အချင်းချင်း သွေးကွဲမှာစိုးလို့ တတ်နိုင်သလောက် သည်းခံပြီး ထိန်းထိန်းသိမ်းသိမ်းနေခဲ့တာပါ။ ဒါပေမဲ့ တိုင်းပြည်အပြင်ဘက် ရောက်နေကြတဲ့ နိုင်ငံရေးသမားတွေအချို့ဟာ ကျင့်ဝတ်သိက္ခာ မဲ့လွန်းတဲ့အပြင် နိုင်ငံရေး လူညစ်ပတ်တွေမို့လို့ ကျွန်တော် မပြောဘဲနေတဲ့ဟာတွေ ထုတ်ပြောရပါတော့မယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင်အားလုံးနီးပါး အဖမ်းခံ ထောင်ကျနေချိန်မှာ NLD ပါတီနဲ့ CEC အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့ပါဘူး။ NLD နာမည်အသုံးပြုတာ၊ CEC နာမည် အသုံးပြုတာတွေဟာ လုံးဝတရားမဝင်သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD CEC အဖွဲ့က တာဝန်လည်းမခံသလို တာဝန်လည်းမယူကြောင်း ၈. ၁၁. ၂၀၂၁ ရက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က ရှေ့နေတွေ ( ဒေါ်မင်းမင်းစိုး၊ ဦးခင်မောင်ဇော်) ကတစ်ဆင့် အပြတ်ပြောခဲ့ပြီးသားပါ။ ဒါကြောင့် NLD ရဲ့ တရားဝင် Facebook စာမျက်နှာကို တရားမဝင် ခိုးယူအသုံးပြုနေကြတဲ့ NLD CWC အမည်ခံ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့သူတွေမှာ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ NLD CWC အမည်ခံပြီး ဖွဲ့တာဟာလည်း တရားမဝင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေကတစ်ဆင့် ၈. ၁၁. ၂၀၂၁ ရက်နေ့မှာ အပြတ်ပြောခဲ့ပါတယ်။ ဒါကို ရူးချင်ယောင်ဆောင်ပြီး တရားမဝင်တဲ့ NLD CWC နာမည်ကို အသုံးချပြီး NLD ရဲ့ တရားဝင် Facebook Page ကို မောင်ပိုင်စီး ခိုးယူအသုံးပြုပြီး NLD နာမည်နဲ့ ကြေညာချက်တွေ ထုတ်နေတာဟာ လုံးဝတရားမဝင်ဘူးဆိုတာ NLD မှာ နှစ်များစွာ လုပ်ခဲ့ဘူးသူတိုင်း သိကြပါတယ်။ အခု So-called NLD CWC ဆိုတဲ့ သူတို့ဘာသာ သူတို့ တိုင်းပြည်အပြင်ဘက်မှာ ဖွဲ့ထားကြတဲ့ အဖွဲ့မှာ ပါဝင်တဲ့သူအားလုံးဟာ ထိုင်းနိုင်ငံ မဲဆောက်နဲ့ အမေရိကားကို အကုန်ရောက်နေကြတဲ့ သူတွေချည်းပါပဲ။ NLD ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် အဲဒီလို တိုင်းပြည်အပြင်ဘက် ထွက်သွားကြသူတွေဟာ NLD ပါတီဝင်အဖြစ်တောင် တရားမဝင်တော့ပါဘူး။ သူတို့တွေဟာ NLD ပါတီဝင်တွေလို့တောင် မပြောနိုင်တော့ပါဘူး။ NLD ရဲ့ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီလို တိုင်းပြည်အပြင်ဘက် ထွက်သွားကြတဲ့ (ရှင်းရှင်းပြောရရင် ကြောက်လို့ ထွက်ပြေးသွားကြတဲ့) သူတွေဟာ ဘယ်တုန်းကမှ NLD တာဝန်ကို ယူလို့မရသလို တာဝန်ယူခဲ့ရင်လည်း တရားမဝင်ပါဘူး။ NLD ပါတီရဲ့ တရားဝင် Facebook Page နဲ့ ဒီလှိုင်း (D-Wave) Facebook Page နှစ်ခုစလုံးဟာ နဂို NLD ပြန်ကြားရေးအဖွဲ့ဝင်ဟောင်းတွေဖြစ်ကြတဲ့ နေဘုန်းလတ် (ယခု NUG) နှင့် လွင်ကိုလတ် (ယခု NUG) တို့ နှစ်ဦးရဲ့ လက်ထဲမှာ ရောက်နေကြပါတယ်။ ၂၀၂၁ ခုနှစ် မတ်လမှာ NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ကိုကြည်တိုး အဖမ်းခံရပြီးနောက်မှာ နေဘုန်းလတ်နဲ့ လွင်ကိုလတ်တို့ နှစ်ဦးက NLD Facebook Page နဲ့ ဒီလှိုင်း Facebook Page ကို Password ပြောင်းပြီး သိမ်းယူထားခဲ့တာပါ။ နောက်ပိုင်း NLD ဖေ့စ်ဘွတ် Page ကနေမှ NLD ရဲ့ ကြေညာချက်တွေကို တရားမဝင် ထုတ်ပြန်နေခဲ့ကြတာပါ”လို့ ဦးတိုးလွင်က ဆိုပါတယ်။

ဦးအောင်ကြည်ညွန့်တို့ CRPH၊ NUG အုပ်စုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်က NLD ပါတီနာမည်မသုံးဖို့ အသိပေးထားတာကို မသိကျိုးကျွံပြုပြီး NLD ဗဟိုအလုပ်ကော်မတီဆိုပြီး ဒေါက်တာမေဝင်းမြင့်အပါအဝင် ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာခင်ဆောင်၊ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်တို့နဲ့ ဖွဲ့စည်းထားတာဟာ လုံး၀တရားမဝင်ပါဘူး။ ဒီလိုတရားမဝင်တာကို ပြည်တွင်းမှာ လက်ရှိလွတ်လပ်စွာရှိနေတဲ့ NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဦးဟန်သာမြင့်၊ ဦးသိန်းဦး၊ ဒေါက်တာမျိုးညွန့်၊ ဒေါက်တာတင်မျိုးဝင်း၊ ဦးအောင်စိုး၊ ဒေါ်ခင်ဌေးကြွယ်တို့ကို သိက္ခာရှိတဲ့မီဒီယာတွေ မေးကြည့်ရင် အဖြေသိလိမ့်မယ်လို့လည်း ဦးတိုးလွင်က သက်သေထူခဲ့ပြီး ဒီပြောကြားချက်တွေပေါ်မှာတော့ ဦးအောင်ကြည်ညွန့်တို့အုပ်စုဟာ နှုတ်လှန်မထိုးနိုင်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

ဒါ့အပြင် ဦးအောင်ကြည်ညွန့်တို့ NUG၊ CRPH အုပ်စုဟာ NLD အရှိန်အဝါယူသုံးနေတဲ့အပြင် တရားဝင် NLD နဲ့ ဒီလှိုင်း Page ကိုခိုးသုံးပြီး တရားမဝင်ထုတ်ပြန်မှုတွေ လုပ်နေခဲ့သလို နိုင်ငံရေးယုတ်မာမှုတွေကိုပါ လုပ်နေတယ်လို့ လက်ရှိ NUG၊ PDF တွေရဲ့ လုပ်ရပ်တွေနဲ့ပါ ချိန်ထိုးပြောခဲ့တာလည်း တွေ့ရတာကြောင့် ဒီလိုမျိုးအကွဲအပြဲကြားမှာ အမှန်တရားကို ချပြရဲသူ ဦးတိုးလွင်နဲ့ မဖြေရှင်းရဲသူ ဦးအောင်ကြည်ညွန့်တို့ အုပ်စုကြားမှာ ဘယ်သူမှန်နေတာလဲဆိုတာ သာမန်လူပြိန်းတောင် အများကြီးစဉ်းစားစရာမလိုဘဲသိပါတယ်လို့ တင်ပြရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်ကို ရပ်နားလိုက်ပါတယ်။

#mt_news_review #mtnews
#myanmar_transparency_news

Leave a Reply

Your email address will not be published. Required fields are marked *