October 23, 2024

၆. ၃. ၂၀၂၃
Written by Hey Mar

မကြာခဏ ယာဥ်တိုက်မှုဖြစ်ပွားနေသည့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ် သိုက်ချောင်းလမ်းဆုံတွင် ယနေ့နံနက် ၈ နာရီဝန်းကျင်က အိမ်စီးကားတစ်စီးနှင့် ဆိုင်ကယ် ကယ်ရီ မတော်တဆတိုက်မှုကြောင့် ဆိုင်ကယ် ကယ်ရီ မောင်းနှင်သူနှင့် လိုက်ပါစီးနင်းလာသူ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ဂရုဏာရှင်လူမှုကူညီရေးအသင်း (ဇေယျာသီရိမြို့နယ်)မှ တာဝန်ရှိသူ ကိုပြည့်စုံအောင်က MT News သို့ ပြောသည်။

“ဒဏ်ရာကတော့ ခေါင်းပေါက် ခြေလက် ထိခိုက်ပေါ့။ ဆိုင်ကယ်ပေါ်က နှစ်ဦးစလုံး သွေးထွက်ဒဏ်ရာရတယ်။ အဲဒီနားက ကုန်းတက် ကုန်းဆင်းဖြစ်နေတာရယ်၊ မီးပွိုင့်အလုပ်မလုပ်တာရယ်၊ ယာဥ်ထိန်းမရှိတာရယ်၊ နောက်ပြီး လမ်းဘေးကျူးတဲ့ စျေးသည်တွေ၊ စည်းကမ်းမလိုက်နာတဲ့ ဆိုင်ကယ်တွေကြောင့် တစ်ပတ်ကို ၃၊ ၄ ကြိမ်လောက် ယာဥ်မတော်တဆမှုတွေ ဖြစ်လေ့ရှိပါတယ်။ မတ်လ ၄ ရက်နေ့ကလည်း ကားတစ်စီး ဆိုင်ကယ်ရှောင်ရင်းနဲ့ လမ်းဘေးဝင်တိုးတာ လူတွေ ဘာမှမဖြစ်ပေမယ့် ကားပျက်စီးတယ်။ ပြီးခဲ့တဲ့ လကလည်း အသက် ၂၀ကျော် ယောကျာ်းလေး ခြေထောက်ဖြတ်ရတယ်။ လူရှောင်ရာက ဆိုင်ကယ်မှောက်တာကို နောက်က တွဲကားက တက်ကြိတ်တာ”ဟု ကိုပြည့်စုံအောင်က ဆိုသည်။

အဆိုပါ သိုက်ချောင်းလမ်းဆုံတွင် မနက် ၇ နာရီဝန်းကျင်မှ ၈ နာရီကျော်အချိန်နှင့် ညနေ ၄ နာရီ ၅ နာရီ ဝန်းကျင်အချိန်များသည် အစည်ကားဆုံးအချိန်များဖြစ်ပြီး မီးပွိုင့်ထားရှိသော်လည်း ကုန်းပေါ်မှ အရှိန်နှင့် ဆင်းလာသည့် ကားများနှင့် ကုန်းပေါ်သို အရှိန်ယူကာ တက်ရသော ကားများကြောင့် လမ်းဘေးဝဲယာ တစ်လျှောက် စျေးသည်များနှင့် ဆိုင်ကယ်ကယ်ရီများကို ရွှေ့ပြောင်းပေးသင့်ကြောင်း ဒေသခံတစ်ဦးက မှတ်ချက်ပြုသည်။

“သိုက်ချောင်းလမ်းဆုံ ညာဘက်က အရင်တော်ဝင်ကားလက်မှတ်ဂိတ်ရှိတဲ့ အပေါ်ဘက်အခြမ်းကို စျေးသည်တွေကို ရွှေ့ပေးသင့်တယ်။ အဲဒီနားမှာက ဘောလုံးကွင်းနဲ့ ပြတိုက်က ဆောက်လက်စဆိုတော့ အလုပ်လာလုပ်တဲ့ အလုပ်သမားတွေလည်း များတယ်။ လမ်းကျဥ်း လူရှုပ်ပေါ့ ” ဟု အဆိုပါ ဒေသခံက MT News သို့ ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *