October 23, 2024

ဓာတ်ပုံ- လျှပ်စစ်စွမ်းအားဝန်ကြီးဌာန (MOEP)

၆. ၃. ၂၀၂၃
Written by Ye Kyaw

ပြည်တွင်း၌ လျှပ်စစ်လိုအပ်ချက်မြင့်မားလျက်ရှိသော်လည်း ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတစ်ခုသာ ခွင့်ပြုပေးထားနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန(DICA)မှ သိရသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ ဖေဖော်ဝါရီလအထိ နှစ်လအတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ကဏ္ဍတွင် ဒေါ်လာ ၃ ဒသမ ၂၆၇ သန်းသာရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကိုသာ ခွင့်ပြုပေးနိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ လက်ရှိအချိန်အထိ နှစ်ပေါင်း ၃၀ ကျော်အတွင်း လျှပ်စစ်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၄၆ ခု ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏအနေဖြင့် ဒေါ်လာ ၂၆ ဘီလျံအထိရှိကာ စုစုပေါင်းနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ၏ ၂၈ ရာခိုင်နှုန်းကျော်ဖြင့် အများဆုံးဖြစ်သည်။

“စွမ်းအင်ဖူလုံမှုမှာ နိုင်ငံသားအားလုံးအတွက် အဓိကကျပြီး စွမ်းအင်အရင်းအမြစ်များမှာ အကန့်အသတ်နဲ့သာ တည်ရှိနေတာဖြစ်တယ်။ နိုင်ငံတော်မှလည်း သန့်ရှင်းသောစွမ်းအင်များကို အသုံးပြု၍ ဆောင်ရွက်ရန် မူဝါဒများချမှတ်ပြီး တွန်းအားပေးလျက်ရှိတဲ့နည်းတူ ဝန်ကြီးဌာနအနေနဲ့လည်း ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်များဖြစ်တဲ့ ရေအားလျှပ်စစ်၊ နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်တယ်” ဟု လျှပ်စစ်စွမ်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က မတ်လ ၁ ရက်ကပြုလုပ်သည့် လေအားလျှပ်စစ်သုံးခုအတွက် MOA လက်မှတ်ရေးထိုးပွဲတွင် ပြောကြားထားသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်ထုတ်လုပ်မှုပမာဏမှာ လက်ရှိတွင် တစ်ရက်ပျမ်းမျှ မဂ္ဂါဝပ် ၃,၀၀၀ ကျော်ရှိကြောင်း၊ ဖေဖော်ဝါရီ ၅ ရက်တွင် လျှပ်စစ်ထုတ်လုပ်မှုပမာဏ ၃,၀၂၄ ဒသမ ၃ မဂ္ဂါဝပ်နှင့် တစ်ရက်စုစုပေါင်း ထုတ်လုပ်ခဲ့သည့် ယူနစ် ၅၃,၆၉၅ ဒသမ ၁၉ ရှိကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *