October 23, 2024

◾️ထိုဖြစ်စဥ်ကို အရေးယူပေးရန် NUG ထံ တိုင်ကြား

၆. ၃. ၂၀၂၃
Written by Nay Moe

CDM ကျောင်းဆရာမ ၈ ဦး ဒူးထောက်တောင်းပန်နေသည့်ကြားမှ NUG ဩဇာခံ ဆားတောင်ကြီးပကဖခေါင်းဆောင်က ရိုက်နှက်ဖမ်းဆီးခဲ့ပြီး ထိုဖြစ်စဥ်ကို အရေးယူပေးရန် NUG ထံ တိုင်ကြားထားသည်ဟု GZ Special Task Force PDF အဖွဲ့က ပြောသည်။

NUG ၏ ဩဇာခံ ပကဖနှင့် PDF များက NUG ၏ Chain of Command တွင် ပါဝင်မှုမရှိသည့် LDF များအား လက်နက်ဖြုတ်သိမ်းခြင်းနှင့် သိမ်းသွင်းစည်းရုံးခြင်းများပြုလုပ်နေပြီး သိမ်းသွင်းမရသည့် PDF များကို ချေမှုန်းတိုက်ခိုက်နေရာ အဆိုပါ ရွှေဘို၊ ဝက်လက်နယ်တွင် NUG ဩဇာခံ ပကဖများ၊ PDF များနှင့် Local Defence Force များအကြား တိုက်ပွဲများဖြစ်ကာ စစ်ရေးတင်းမာနေသည်။

လက်ရှိတွင်လည်း GZ Special Task Force အဖွဲ့မှ အဖွဲ့ဝင်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာကတည်းက ရွှေဘိုတပ်ရင်း ၂ မှ ဖမ်းဆီးခဲ့သလို ယခုနှစ် ဖေဖော်ဝါရီတွင်လည်း ဆားတောင်ကြီး ပကဖခေါင်းဆောင်ကို လုပ်ကြံသည်ဟုဆိုကာ GZ အဖွဲ့ဝင် ၂၀ ခန့်အား NUG ၏ တပ်များက ဖမ်းဆီးထားကာ ၁၀ ဦးကို ပြန်လွှတ်ပေးပြီး ၄ ဦးကို အာမခံဖြင့်လွှတ်ထားကာ လုပ်ကြံသူလေးဦးနှင့် ဦးဆောင်သူတစ်ဦးကိုမူ အရေးယူမည်ဟု ဖေဖော်ဝါရီ ၂၄ ရက်က ထုတ်ပြန်ထားသည်။ ဆားတောင်ကြီးကျေးရွာသည် ဆားတောင်ပကဖ၏ အခြေစိုက်နယ်မြေဖြစ်သလို GZ Special Task Force အဖွဲ့ကလည်း ဆားတောင်ကြီးပကဖမဖွဲ့စည်းမီကတည်းက အခြေပြုလှုပ်ရှားခဲ့သော ရွာဖြစ်နေသည့်အတွက် PDF နှင့် LDF အကြား နယ်မြေလုအငြင်းပွားနေသောနေရာလည်း ဖြစ်နေသည်။

“ဖေဖော်ဝါရီ ၁၇ ရက်မှာ လုပ်ကြံခံခဲ့ရတဲ့ ဆားတောင်ကြီး ပ.က.ဖခေါင်းဆောင် ဦးဆန်းဟာ တော်လှန်ရေးနယ်မြေတစ်နေရာဖြစ်တဲ့ဆေးခန်းမှာ ဆေးကုသမှုခံယူအပြီး ဖေဖော်ဝါရီ ၂၁ ရက်မှာ ဆားတောင်ကြီးကျေးရွာမှာ ပြန်လှန်အနားယူခဲ့ပါတယ်။ အနားယူနေချိန်မှာ အငြိမ်မနေဘဲ ဆားတောင်ကြီးကျေရွာ အရှေ့မြောက်ဘက်မှာ စစ်ဘေးရှောင်နေတဲ့ CDM ကျောင်းဆရာမ ၈ ဦးကို အပေါင်းအပါတွေနဲ့အတူ ဖမ်းဆီးခဲ့ပါတယ်။ အဲဒီအချိန်မှာ ပြည်သူ့ကျောင်းဆရာမတွေက ဖိနပ်ချွတ်၍ ဒူးထောက်ကာ တောင်းပန်ကြပေမဲ့လည်း ရက်စက်စွာ နှိပ်စက်ခဲ့ကြပါတယ်။ အဲဒီကျောင်းဆရာမတွေ အခုအချိန်အထိ လွတ်မြောက်ပြီလို့ သတင်းမရသေးပါဘူး။ ဒီသတင်းကို တာဝန်သိပြည်သူတွေက ကျွန်တော်တို့အဖွဲ့ဆီကို အမြောက်အများ တိုင်တန်းထားပါတယ်။ ဒီဖြစ်စဥ်နဲ့နှောင်းပိုင်းအချိန်က အမှုတွေကို တာဝန်ယူ အရေးယူပေးကြဖို့ NUG က တာဝန်ရှိလူကြီးမင်းတွေထံ လေးစားစွာအကြောင်းကြားအပ်ပါတယ်။ ပြည်သူ့ထမင်းစားကာ ပြည်သူ့အပေါ်ရက်စက်မှုများကို ကျွန်တော်တို့အဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်”GZ Special Task Force အဖွဲ့က ဆိုသည်။

ဆားတောင်ကြီးပကဖခေါင်းဆောင် ဦးဆန်းဆိုသူမှာ အသက် ၅၆ နှစ်အရွယ်ရှိသူဖြစ်ပြီး ဦးဆန်းလုပ်ကြံခံရသည့်ဖြစ်စဥ်များနှင့် CDM ဆရာမ ၈ ဦး ဒူးထောက်တောင်းပန်နေသည့်ကြားမှ ရိုက်နှက်ဖမ်းဆီးမှုဖြစ်စဥ်အပေါ် MT News က ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေပြီး ဆက်လက်သိရှိရသည်များကို ထပ်မံဖော်ပြပေးမည်ဖြစ်သည်။

ပုံစာ။ GZ Special Task Force အဖွဲ့ဝင် ၁၀ ဦးအား NUG ဩဇာခံ ရွှေဘိုခရိုင် တပ်ရင်း ၂ က ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကုန်တွင် ဖမ်းဆီးခဲ့မှုမြင်ကွင်း

myanmar_transparency_news #mtnews

Leave a Reply

Your email address will not be published. Required fields are marked *