၆. ၃. ၂၀၂၃
Written by Hey Mar
မွန်ပြည်နယ်၊ ရေးခရိုင်၊ လမိုင်းမြို့၊ အောင်သာယာကျေးရွာရှိ နေအိမ်ဝန်းအတွင်း ယမန်နေ့ မတ်လ ၅ ရက်နေ့လည် ၂ နာရီဝန်းကျင်ခန့်အချိန်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၈၀ ဝန်းကျင် အဖွားအိုတစ်ဦး အပြင်းအထန် ဒဏ်ရာရခဲ့ကြောင်း လမိုင်းမြို့အခြေစိုက် သောင်ပြင်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
အဆိုပါ တာဝန်ရှိသူက “ကျွန်တော်တို့ မော့ကနင်က ဆိုင်တစ်ဆိုင်မှာ ထိုင်နေတုန်း မီးရှူးမီးပန်း ဖောက်သလို အသံ၂ ချက်ကြားလိုက်ရတယ်။ နောက်ပြီး ၅ မိနစ် ၁၀ မိနစ်လောက်ကြာတော့ စက်ထဲ အသံဝင်လာတာပဲ။ အောင်သာယာမှာ လက်နက်ကြီးကျည်ကျလို့ အဖွားတစ်ဦး ဗိုက်ကိုထိပြီး အူထွက်ဒဏ်ရာ ရထားတယ်ဆိုပြီး။ အဲ့ဒါနဲ့ သွားကူပေးဖြစ်တာပါ။ သွေးထွက်မလွန်အောင် ပြုစုပေးပြီး လမိုင်းဆေးရုံကို ပို့တယ်။ လမိုင်းက နေမှ မနေ့က ချက်ချင်း မော်လမြိုင်ကို လွှဲလို့ထပ်ပို့ရပါတယ်။ ဒီနေ့အချိန် အခုထိတော့ အဘွားက သတိမလည်သေးပါဘူး။ စိုးရိမ်ရပါတယ်”ဟု ဆိုသည်။
လက်နက်ကြီးကျည် အိမ်ဝန်းအတွင်း ကျရောက်ပေါက်ကွဲရာ ရွာနီးချုပ်စပ်တဝိုက်တွင် တိုက်ပွဲဖြစ်ပွားနေခြင်း လတ်တလော မရှိဟုလည်း မော့ကနင်ကျေးရွာမှ ဒေသခံတစ်ဦးက ဆိုသည်။ မော့ကနင်ကျေးရွာနှင့် အောင်သာယာကျေးရွာမှာ ၅ မိုင်ခန့်ကွာဝေးပြီး အဆိုပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် အိမ် အမိုးများနှင့် အိမ်အကာအရံ တစ်ချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။