October 23, 2024

ဖုန်းလုယက်ဓားခုတ်ခံရသည့် အမျိုးသမီးအား ကူညီနေမှုမြင်ကွင်း (ဓာတ်ပုံ- သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်း)

၆. ၃. ၂၀၂၃
Written by Myo Khine

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်တွင် အမျိုးသမီးတစ်ဦးထံမှ လက်ကိုင်ဖုန်းကိုလုပြီး ဦးခေါင်းကိုပါ ဓားဖြင့်ခုတ်ခြစ်ပြေးသွားမှု မတ်လ ၅ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ လှိုင်သာယာမြို့နယ် အမှတ် ၂၂ ရပ်ကွက်၊ အုန်းတောတွင် နေထိုင်သော အမျိုးသမီးငယ်တစ်ဦးက အမျိုးသားငယ်တစ်ဦးနှင့် လမ်းလျှောက်လာစဉ် အထက်ပါအတိုင်း လက်ကိုင်ဖုန်းကို အလုခံရခြင်းဖြစ်ကြောင်း သွားရောက်ကူညီခဲ့သည့် သွေးဒါနမျိုးဆက်လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူက MT News ကို ပြောသည်။

လှိုင်သာယာမြို့နယ်၊ ရိုးလေးအနီး၊ ကမ္ဘာသစ်ဆီဆိုင်ရှေ့အရောက်တွင် လမ်းလျှောက်လာသော ယင်းတို့နှစ်ဦး၏ လက်ကိုင်ဖုန်းကို ဆိုင်ကယ်စီးလာသည့် အမျိုးသား ၂ ဦးက လုယက်၍ အမျိုးသမီးငယ်၏ ဦးခေါင်းကို ဓားချွန်ဖြင့် ခုတ်ခြစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဖုန်းလုတဲ့ ကောင်တွေက ဓားအချွန်နဲ့ ဆွဲခြစ်သွားတာ။ ကောင်မလေးက သူ့ကောင်လေးနဲ့ လမ်းလျှောက်လာတာ၊ ကောင်လေးကတော့ ဖုန်းကို အသာတကြည် ပေးလိုက်တယ်။ ကောင်မလေးက မပေးတဲ့အတွက် ဓားနဲ့ လုပ်သွားတာ။ ဒဏ်ရာက နက်တယ်။ အားကြီးနဲ့ ဖိပြီး ဆွဲခြစ်သွားတာ။ လက်တစ်ဆစ်လောက် နက်တယ်။ သွေးတွေ ပန်းထွက်တာ။ သွေးထွက်လွန်ပြီးတော့ ဆေးရုံရောက်တော့ သတိမေ့သွားသေးတယ်။ အခုတော့ သွေးသွင်းတာတွေလုပ်ပြီး အဆင်ပြေသွားပြီ။ ဒါပေမဲ့ ဒဏ်ရာက များတယ်ဆိုတော့ ဆေးရုံမှာပဲ နေရအုံးမှာပေါ့”ယင်းတာဝန်ရှိသူက MT News ကို ပြောသည်။

လက်ရှိတွင် အဆိုပါ လုယက်မှုကျူးလွန်သော အမျိုးသား ၂ ယောက်ကို သက်ဆိုင်ရာ၌ အမှုဖွင့်ထားကာ လိုက်လံစုံစမ်းနေကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *