၆. ၃. ၂၀၂၃
Written By Thandar
အသက် ၈၃ နှစ်အရွယ် ပန်းချီမောင်ညိုဝင်းဟာ ကင်ဆာရောဂါနဲ့ ယနေ့နံနက် ၁ နာရီ ၅ မိနစ်က ရန်ကုန်မြို့ နေအိမ်မှာ ကွယ်လွန်ခဲ့တယ်လို သိရပါတယ်။
“သူကတော့ မကွယ်လွန်ခင်ထဲက ဆန္ဒအတိုင်းပဲ ဒီနေ့ကွယ်လွန်တဲ့နေ့မှာပဲ ရုပ်အလောင်းကို ရေဝေးသုသာန်မှာ မီးသင်္ဂြုလ်မှာဖြစ်ပါတယ်”လို့ Artist Tin Htoon ကပြောပါတယ်။
ပန်းချီမောင်ညိုဝင်းကို ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်း ၄၁ ရပ်ကွက် ရွှေယမင်းလမ်း အမှတ် ၅၂၂ နေအိမ်ကနေ ယနေ့ မတ်လ ၆ ရက် နံနက် ၁၀ နာရီခွဲက ရန်ကုန်မြို့ ရေဝေးသုသာန်မှာ မီးသင်္ဂြုလ်ဖို့ စီစဥ်ခဲ့တယ်လို သိရပါတယ်။
ပန်းချီဆရာကြီးမောင်ညိုဝင်းဟ အခုနောက်ပိုင်းမှာ ကွယ်လွန်သူ စာရေးဆရာ၊ ပန်းချီဆရာတွေရဲ့ Funeral Portrait (ဈာပနရုပ်ပုံ) ရေးရာမှာလည်း နာမည်ကြီးသူလည်းဖြစ်ပါတယ်။ ဆရာကြီးဟာ သင်္ကြန်မိုး၊ မြို့မငြိမ်း ရုပ်ရှင်ဇာတ်ကားပိုစတာ၊ ငွေတာရီ စာအုပ်သရုပ်ဖော်၊ သုခရဲ့ ‘စဥ်းစားစရာရှိနေပါသည်’ သရုပ်ဖော် စတာတွေကိုလည်း ရေးဆွဲပေးခဲ့သူလည်း ဖြစ်ပါတယ်။
ပန်းချီမောင်ညိုဝင်းကို ၁၉၄၀ တုန်းက မန္တလေးမြို့မှာ မွေးဖွားခဲ့တာဖြစ်သလို မွေးချင်း မောင်နှစ်မ နှစ်ယောက်ရှိတယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူက ၁၉၅၀ မှာ ရန်ကုန်ကို ပြောင်းရွှေ့ပြီး ပန်းချီလုပ်ငန်းကို လုပ်ကိုင်ခဲ့ပြီး မိသားစုကို မန္တလေးမှာ ထားရှိခဲ့တာဖြစ်ပါတယ်။ ၁၉၅၂ ခုနှစ်မှာတော့ မိသားစုအားလုံး ရန်ကုန်ကို ပြောင်းခဲ့တာဖြစ်ပါတယ်။ သူရဲ့ဖခင်ဟာ မြန်မာ့ပန်းချီလမ်းကြောင်းမှာ အင်ပရက်ရှင်းနစ်အဖြစ် ကျော်ကြားတဲ့ ဦးဘရင်ကလေး ဖြစ်ပါတယ်။
ပန်းချီဆရာကြီးမောင်ညိုဝင်းဟာ မိုးမိုး(အင်းယား)၊ ဗဂျီ အောင်စိုး၊ မြသန်းတင့်၊ အထောက်တော် လှအောင်၊ ခင်ဝမ်း၊ ညိုလှ (ပန်းချီ)၊ တက္ကသိုလ်ဘုန်းနိုင်၊ သာဓု၊ လင်းယုန်မောင်မောင်၊ လေထီးဦးအုန်းမောင်၊ မောင်ထွန်းသူ၊ မြတ်လေး၊ စံတိုး၊ သခင် ခင်ညွန့်၊ ဦးသုခ၊ ဦးမြင့်စိုး(ပန်းချီ)၊ စိုင်းထီးဆိုင်၊ တင်မောင်မျင့်၊ မောင်ချောနွယ်၊ မောင်မောင်သိုက်၊ သခင်အုန်းမြင့်၊ လှသန်း၊ လူထုစိန်ဝင်း၊ နတ်နွယ် စတဲ့ ဈာပနရုပ်ပုံတွေကို ရေးခဲ့သူလည်း ဖြစ်ပါတယ်။ ဈာပနရုပ်ပုံတွေကို ညတွင်းချင်း ရေးပေးရသလို မိုးလင်းပေါက်ရေးရတာဖြစ်ပြီး အခကြေးငွေမယူဘဲ သူ့ဆေးနဲ့သူ ရေးပေးတတ်သူလည်း ဖြစ်ပါတယ်။
ကွယ်လွန်သူ ပန်းချီမောင်ညိုဝင်းကို ရည်စူးပြီး မတ် ၁၂ ရက် နံနက် ၆ နာရီအချိန်မှာ ပင့်သံဃာတော်တွေကို ဒါတဗ္ဗဝတ္ထုအစုစုကို ဆက်ကပ်ပြီး ရက်လည်ဆွမ်းကပ် လှူဒါန်းသွားမယ်လို့လည်း သိရပါတယ်။