အမေရိကန်ထောက်ပံ့ခံ INGO အဖွဲ့အစည်းကိုပင် PDF က ဓားပြတိုက်လာဟု ဝေဖန်နေကြ
MT News
အမေရိကန်၏ ငွေကြေးထောက်ပံ့မှုဖြင့် လည်ပတ်နေသော Pact Myanmar နှင့် BG Microfinace နှစ်ခုမှ ဝန်ထမ်းများအား NUG ဩဇာခံ PDF က စစ်ဆေးပြီး ဖုန်းနှင့်ငွေများသိမ်းဆည်းပြီး ထပ်မလုပ်ရန် သတိပေးထားပြီး အမေရိကန်ထောက်ပံ့ခံ INGO အဖွဲ့အစည်းကိုပင် PDF က ဓားပြတိုက်လာဟု ဝေဖန်မှုများ ရှိနေကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်ကို NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း Facebook Page တွင် မတ်လ ၄ ရက်က ဖော်ပြခဲ့ပြီး အနောက်ပိုင်းတိုင်း တပ်ခွဲများမှ ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ
ဖြင့် မင်းဘူးခရိုင်အတွင်း နယ်မြေစိုးမိုးနိုင်ရေးဆောင်ရွက်နေစဥ်အတွင်း လမ်းပိုင်းဆိုင်ရာစစ်ဆေးမှု များ အမြဲပြုလုပ်လျက်ရှိပြီး SAC ၏ အဓိကထောက် တိုင်များဖြစ်သော စစ်တပ်ထုတ်ကုန်များ၊ Mytel ဆင်းကတ်များနှင့် ချေးငွေ လုပ်ငန်းများဖြစ်သော စိုက်ပျိုးရေး ချေးငွေလုပ်ငန်းများ ၊ မြစိမ်းရောင်ချေးငွေလုပ်ငန်းများ ၊ နကစနှင့် ပတ်သက်မှု ရှိနေသော ချေးငွေးလုပ်ငန်းမှန်သမျှအား ယခုကာလအတွင်း လည်ပတ်မှု မရှိစေရေး ပြည်သူများ အခက်အခဲ အကြပ်အတည်းမရှိစေရေးအတွက် တားမြစ်ပိတ်ပင်ခဲ့သည်ဟု သတင်းထုတ်ပြန်ခဲ့သည်။
ထိုသို့ လမ်းပိုင်းဆိုင်ရာ စစ်ဆေးမှုများ ပြုလုပ်နေစဥ်အတွင်း ကျေးရွာများမှ ချေးငွေလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော Pact ပက်(စ်) မြန်မာချေးငွေလုပ်ငန်းနှင့် BG Microfinance ချေးငွေလုပ်ငန်းနှစ်ခုအား စစ်ဆေးမေးမြန်းနိုင်ခဲ့ပြီး Pact မြန်မာချေးငွေလုပ်ငန်းအဖွဲ့ မှ စာရွက်စာတန်းများ Mytel ဆင်းကတ်များ၊ ကုမ္ပဏီပိုင် ဖုန်း ၂ လုံး၊ ငွေကြေး ကျပ် ၄၉ သိန်းကျော်(ကျပ် ၄၉၅၄၅၀၀) ကို သိမ်းယူခဲ့သည်။ ထို့ပြင် BG Microfinance ချေးငွေလုပ်ငန်းမှ စာရွက်စာတန်း များ ၊ Mytel ဆင်းကတ်များ၊ ကုမ္ပဏီပိုင် ဖုန်း ၂ လုံး ငွေကြေး ကျပ် ၄၃၆၀၀၀ တိတိအား သိမ်းဆည်းပြီးနောက်နောင်မလုပ်ပြုရန် ဝန်ထမ်းများအား သတိပေးပြောကြားခဲ့ကာ သိမ်းဆည်းရမိသော စာရွက်စာတန်းမှတ်တမ်းများအား မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်ရှိပစ္စည်းများကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များမှ သိမ်းဆည်းလိုက်သည်ဟု NUG ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် – အနောက်ပိုင်းတိုင်း Facebook Page က သတင်းဖော်ပြခဲ့သည်။
အမေရိကန်အစိုးရ၊ USAID အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၅၀ ကျော်၏ ပံ့ပိုးမှုဖြင့် လည်ပတ်နေပြီး မြန်မာပြည်သူများဖွံ့ဖြိုးရေးလုပ်ဆောင်နေသည့် Pact Myanmar မှ ဝန်ထမ်းများအား ဖမ်းဆီးပြီး ကုမ္ပဏီပိုင်ဖုန်းများနှင့် ကျပ်သိန်း ၅၀ ခန့်ကို NUG ၏ ဩဇာခံ PDF များက သိမ်းယူမှုမှာ ဓားပြတိုက်သည့်အသွင်ဖြစ်နေသည်ဟု ဝေဖန်မှုများရှိနေပြီး အဆိုပါသတင်းကို ပြန်လည်ကူးယူဖော်ပြသည့် သတင်းဌာနများအနက် Tachileik News Agency Page အောက်တွင် Win Tun Htwe အမည်ဖြင့် Facebook သုံးစွဲသူက”ဓားပြတိုက်တာများ လူကြားကောင်းအောင် ရေးသေးသဗျ။ Pact Myanmar ဆိုတာ INGO ငတိရေ။ စစ်ကောင်စီဒေါက်တိုင်နာမည်တပ်ပြီး ပိုက်ဆံလုတာ မရှက်ဘူးလား” ဟု NUG ၏ ဩဇာခံ PDF များနှင့် ထိုသတင်းရေးပေးသူမီဒီယာများအား ဝေဖန်ထားသည်။ ထိုသတင်းဌာနအောက် Comment ပေးသူများကလည်း PDF တို့၏ ထိုလုပ်ရပ်မှာ ဓားပြတိုက်ခြင်းသာဖြစ်ကြောင်း လက်နက်အားကိုးလုပ်ရပ်သာဖြစ်ကြောင်း ဝေဖန်ထားသည်။
အမေရိကန် USAID အပါအဝင် နိုင်ငံနှင့်အဖွဲ့အစည်း ၅၀ ကျော်၏ ပံ့ပိုးမှုဖြင့် အများပိုင်ငွေကြေးသုံးကာလည်ပတ်နေပြီး အမြတ်မယူသော INGO အဖြစ် မြန်မာပြည်သူများကို ငွေကြေးပံ့ပိုးကူညီနေသော Pact Myanmar ၏ လည်ပတ်ငွေများကို NUG ၏ ဩဇာခံ PDF များက လုယူသိမ်းဆည်းမှုအပေါ် Pact Myanmar နှင့် BG Microfinance တို့၏ သဘောထားမှတ်ချက်များကို MT News သတင်းဌာနက မေးမြန်းထားပြီး ဆက်လက်ဖြေဆိုပါက ပြန်လည်ဖော်ပြသွားမည်ဖြစ်သည်။