MT News
Translated by Htwe Ko Tun
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်၊ အူခီယာနယ်ရှိ ဘင်္ဂါလီဒုက္ခသည်စခန်းတစ်ခုတွင် မတ်လ ၅ ရက် မွန်းလွဲပိုင်းက မီးပြင်းထန်စွာလောင်ကျွမ်းမှုတစ်ရပ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ မီးလောင်ကျွမ်းမှုက ဘာလူခါလီ ဘင်္ဂါလီဒုက္ခသည်စခန်း အမှတ်(၁၁) တွင် စခန်းအတွင်းအိမ်တစ်အိမ်ခြံစည်းရိုးမှ မွန်းလွဲ ၂ နာရီ ၄၀ တွင် စတင်လောင်ကျွမ်းခဲ့ခြင်းဟု မီးသတ်တပ်ဖွဲ့က ပြောခဲ့သည်။
ဘာလူခါလီဒုက္ခသည်စခန်း အမှတ်(၁၁) တွင် နေထိုင်သူတစ်ဦးက မီးက စခန်းအတွင်း ရုတ်တရက်ပင်ကြီးမားစွာ ပျံ့နှံ့လောင်ကျွမ်းခဲ့ကြောင်း၊ လေတိုက်နေ၍ မီးကူးစက်မှုက ပိုမိုလျင်မြန်ခဲ့ကြောင်း၊ ဒုက္ခသည်များအားစခန်းအတွင်းမှ ဘေးကင်းရာသို့ရွှေ့ပေးပြီး မီးကိုကြိုးစားငြှိမ်းသတ်ခဲ့ရကြောင်း ပြောခဲ့သည်။
မီးလောင်ကျွမ်းမှု၏ အကြောင်းရင်းကိုကား ချက်ချင်းမသိရသေးဟု မီးသတ်တပ်ဖွဲ့ကဆိုသည်။ သို့သော် မီးကြောင့် ဒုက္ခသည်စခန်း အတွင်းနေထိုင်ရာတဲကုပ် ၂၀၀၀ ကျော် အနည်းဆုံးမီးလောင်ကျွမ်းခဲ့ရသည်ဟု သိရသည်။ မီးကြောင့်သေကြေထိခိုက်ဒဏ်ရာရမှုများကိုလည်း ရုတ်တရက် မသိရသေးကြောင်း မီးသတ်တပ်ဖွဲ့ကပြောခဲ့သည်။
Ref—-Dhaka Tribune