◾️ ကိုရင်ငယ်သုံးပါးရေချိုးရာမှလည်း ရေနစ်၍ တစ်ပါးပျံလွန်
၆. ၃. ၂၀၂၃
Written by Myo Khine
စစ်ကိုင်း(ရတနာပုံ)တံတားပေါ်မှ သံဃာတစ်ပါးခုန်ချမှု မတ်လ ၅ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့သောကြောင့် ရှာဖွေကယ်ဆယ်ရေးများ ပြုလုပ်နေကြောင်း စစ်ကိုင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက MT News သို့ ပြောသည်။
အဆိုပါ ခုန်ချသွားသော သံဃာတော်မှာ မည်သည့် ဘုန်းတော်ကြီးကျောင်းက ဆိုသည်ကိုမူ မသိရသေးကြောင်း၊ မတ်လ ၅ ရက်က ညည့်နက်သည်ထိ ရှာဖွေခဲ့ကြသော်လည်း မတွေ့ရသေးသောကြောင့် ရှာဖွေရေးလုပ်ငန်းများကို မတ်လ ၆ ရက် နံနက် ၁၀ နာရီတွင် ပြန်လည်စတင်လုပ်ဆောင်နေကြကြောင်းလည်း သိရသည်။
“ဆရာတော်က ဘယ်ကဆိုတာ မသိရသေးဘူး။ မနေ့က ညအထိ မတွေ့သေးလို့လေ။ ခုန်ချသွားတာကို မြင်တဲ့ သူက အကြောင်းကြားလို့ သွားကြည့်တဲ့အခါ ဖြစ်စဉ်က ဟုတ်နေတယ်။ ဖိနပ်တစ်ရံလည်း ကျန်နေခဲ့တယ်ဆိုတော့လေ။ မနေ့က ညနေ ဖြစ်စဉ်က နှစ်ခုပါ။ တံတားရဲ့ အလယ်ပိုင်း ကုန်းကနေ ခုန်ချသွားတာလို့ သိရတယ်။ အဲဒီကနေ ခုန်ချသူတိုင်းကိုတော့ DB ပဲ တွေ့ရတာ များတယ်။ မနေ့က မတ်လ ၅ရက်က ဖြစ်စဉ်က နှစ်ခုပါ။ စစ်ကိုင်းမြို့ အေးမြဝတီရပ်ကွက်နားက သဲဆိပ်မှာ ရေချိုးရင်းနဲ့ ရေနစ်ကြတယ်။ ကျွန်တော်တို့က အဲဒီ ဖြစ်စဉ်ကို လုပ်နေတုန်းမှာ သံဃာတစ်ပါး ခုန်ချတယ်ဆိုတာကို ထပ် သိခဲ့ရတာကြောင့် သွားရောက် ရှာဖွေကြတာပါ။ ရေနစ်ကိုရင်လေးတွေက အသက် ၁၃ နှစ်၊ ၁၄ နှစ်အရွယ်တွေပါ။ နှစ်ပါးကို အသက်ရှင်လျက် ကယ်နိုင်တယ်။ တစ်ပါးကတော့ DB ပဲ ပြန်ရခဲ့ပါတယ် “ဟု အဆိုပါ တာဝန်ခံက MT News ကို ပြောသည်။
ထို မတ်လ ၅ ရက် ညနေက ကိုရင်ငယ် ၃ ပါး ရေချိုးရာမှ ရေနစ်သောကြောင့် ကိုရင်ငယ်တစ်ပါးလည်း ပျံလွန်တော်မူခဲ့ရာ ရေနစ်ပျံလွန်သော ကိုရင်အလောင်းကို သုခကာရီ နာရေးယာဉ်ဖြင့် စစ်ကိုင်းဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း ယင်းကဆိုသည်။
အဆိုပါ တံတားပေါ်မှ ခုန်ချသည့် ဖြစ်စဉ်များ မကြာခဏ ဖြစ်ပေါ်ပြီး DB ကို သာ တွေ့ရှိသည်ကများကြောင်းလည်း စစ်ကိုင်းမြို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက ယင်းတို့၏ အတွေ့အကြုံအပေါ် အခြေခံ၍ ပြောသည်။