၅. ၃. ၂၀၂၃
Written By Thandar
ပရဟိတတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာတဲ့ သရုပ်ဆောင် ခန့်စည်သူက မတ်လ ၅ ရက် တပေါင်းလပြည့်နေ့မှာ ရန်ကုန်မြို့ရှိ ကုက္ကိုင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ မိဘမဲ့ကလေးများကျောင်းမှာ လှူဒါန်းမှုတွေပြုလုပ်ခဲ့ပါတယ်။
” ဒီကျောင်းဆရာတော်က ရပ်ကွက်ထဲမှာလည်း အမြဲဆွမ်းခံထွက်တယ်။ ကျောင်းမှာလည်း တိုင်းရင်းသားကလေးတွေကို စောင့်ရှောက်ပြီး ပညာသင်ပေးနေတာပါ။ ကိုယ်တိုင်လည်း အပတ်စဉ်ကြာသပတေးနေ့တိုင်း ဆွမ်းချိုင့်ပို့ဖြစ်တဲ့ကျောင်းပါ။ အခုကာလမှာ အလှူရှင်ရှားတော့ ကျောင်းအတွက် ဆန်လိုအပ်နေတယ်ဆိုတာနဲ့ တပေါင်းလပြည့်နေ့ကုသိုလ်အဖြစ် သွားရောက်လှူဒါန်းဖြစ်တာပါ”လို့ သရုပ်ဆောင် ခန့်စည်သူကပြောပါတယ်။
အရင်က ခန့်စည်သူဦးဆောင်ပြီး အနုပညာရှင်တွေ စုစည်းကာ မေတ္တာသင်္ဂဟအဖွဲ့အမည်နဲ့ အလှူတွေ ပြုလုပ်ခဲ့သလို ကိုဗစ်ကာလနောက်ပိုင်းကနေ အခုချိန်ထိ အမှန်တကယ်လိုအပ်နေတဲ့ နေရာကို လှူဒါန်းနေတာလည်း ဖြစ်ပါတယ်။
အကယ်ဒမီ ခန့်စည်သူဟာ ကုက္ကိုင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ မိဘမဲ့ကလေးကျောင်းအတွက် ဆန်(၂၄) ပြည်ဝင် ၅ အိတ်၊ ဆီ ၅ ပိဿာ၊ ဆပ်ပြာတောင့်တွေ၊ ကြက်သွန်နီ၊ လက်ဖက်၊ ကော်ဖီမှုန့်နဲ့ အလှူငွေပေးအပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။