MT News
Written by Myo Khine
ရခိုင်ပြည်နယ် မြောက်ဦး၊ ပုဏ္ဏားကျွန်းနှင့် ပလက်ဝမြို့နယ်အတွင်းမှ တိုက်ပွဲရှောင်များ နေရပ်ပြန်ကြပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သိရသည်။
နစက တပ်မတော်နှင့် AA တိုင်းရင်းသား လက်နက်ကိုင်တို့ကြား နှစ်ဖက်အပစ်ရပ်ထားပြီးနောက် တိုက်ပွဲများကင်းစင်သွားသောကြောင့် နေရပ်ကိုပြန်ကြခြင်း ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
မတ်လ ၁ ရက်က ပလက်ဝမြို့နယ်၊ မြို့မရပ်ကွက်ရှိ မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ရုံး၊ ကီမိုခန်းမဆောင်တွင် နေရပ်ပြန်တိုက်ပွဲရှောင်ပြည်သူများအတွက် ပြောင်းရွှေ့စရိတ် ထောက်ပံ့ငွေများလည်း ပေးအပ်ခဲ့သည်။ အဆိုပါ တိုက်ပွဲရှောင်များမှာ ပလက်ဝမြို့နယ်၊ အဘောင်သာကျေးရွာမှ အိမ်ထောင်စု ၁၀၁ စု၊ လူဦးရေ အမျိုးသား ၂၁၇ ဦး၊ အမျိုးသမီး ၂၂၈ ဦး၊ စုစုပေါင်း ၄၄၅ ဦးဖြစ်ကြောင်း၊ ယင်းတို့အတွက် ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁ သိန်းကျပ်နှုန်း၊ ဆန်ရိက္ခာ ၁ လစာအတွက် လူ ၁ ဦးလျှင် ၉၀၀၁ ကျပ်နှုန်း၊ အိမ်သုံးပစ္စည်း ၁၇ မျိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မတ်လ ၃ ရက်က ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန် တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု ၁၄၀ စု၊ လူဦးရေ ၅၃၂ ဦး နေရပ် ပြန်ကြရာတွင် အိမ်ထောင်စု ၁ စုလျှင် ၅၀၀,၀၀၀ ကျပ်နှုန်းဖြင့်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သည့် အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၁၀၀,၀၀၀ နှုန်း ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့သည့် ဆန်ရိက္ခာဖိုးငွေ တစ်လစာအတွက် လူ ၁ ဦးလျှင် ၉၀၀၀ ကျပ်နှုန်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စု ၁ စုလျှင် လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါသည့် Family Kit ၁ ပုံးနှုန်းတို့ကို ထောက်ပံ့ပေးခဲ့ကြောင်းလည်း သိရသည်။
အလားတူ မတ်လ ၄ ရက်က မြောက်ဦးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်စခန်းများမှ အိမ်ထောင်စု ၁၄၂ စု၊ လူဦးရေ ၅၈၂ ဦးလည်း ၎င်းတို့ နေထိုင်ရာ အရပ်ဒေသများသို့ ပြန်သွားကြပြီဖြစ်ရာ ဆန်ရိက္ခာ ၁ လစာ တစ်ဦးလျှင် ၉၀၀၀ ကျပ်နှုန်းဖြင့် လူဦးရေ ၅၈၂ ဦးအတွက် ၅,၂၃၈,၀၀၀ ကျပ်၊ ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ထောင်စု ၁ စုလျှင် ၁ သိန်းကျပ်နှုန်း၊ လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါသည့် Family Kit ၁ ပုံးနှုန်း တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
“တိုက်ပွဲရှောင်တွေနေတဲ့ ရွာတွေကို ကားတွေ၊ စက်လှေတွေနဲ့ ပို့ကြတယ်။ လုံခြုံရေးလည်း စီစဉ်ပေးထားပါတယ်။ ကျန်တဲ့ တိုက်ပွဲရှောင်တွေကိုလည်း မြို့နယ် အလိုက် ပို့ဆောင်ပေးဖို့ စီစဉ်နေပါတယ်”ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက MT News သို့ ပြောသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က စ၍ နစက တပ်မတော်နှင့် AA တိုင်းရင်းသား လက်နက်ကိုင်တို့ကြား နှစ်ဖက်အပစ်ရပ်ထားခဲ့ကြရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်က စတင်၍ တိုက်ပွဲရှောင်များ နေရပ်သို့ ပြန်ကြခြင်း ဖြစ်ကြောင်း သိရသည်။