MT News
Written by Thettant
ရန်ကုန်မြို့လယ်ခေါင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းစျေးရှိ Rose Jewellery ကျောက်စိမ်းရတနာဆိုင် ဖောက်ထွင်းခံခဲ့ရပြီး တန်ဖိုးကြီးပစ္စည်းများစွာ ခိုးယူခံခဲ့ရကြောင်း Rose Jewellery နှင်းဆီရတနာဆိုင်က ယင်းတို့၏ Facebook Page တွင် အသိပေးထားသည်။
အဆိုပါ ဖောက်ထွင်းမှုမှာ မတ်လ ၃ ရက်ညက ဖြစ်ပွားခဲ့ပြီး ဆိုင်ရှင်များမှာ မတ်လ ၄ ရက် နံနက် ၁၀ နာရီခွဲတွင် အခြားဆိုင်နီးချင်းများ ဖုန်းဆက်အသိပေးချိန်မှ သိရှိရကာ သွားရောက်စစ်ဆေးချိန်တွင် တံခါးသော့ကွင်းကို အက်ဆစ်ဖြင့်စားကာ တံခါးဖွင့်သွားခဲ့ပြီး ဆိုင်အတွင်းမှ တန်ဖိုးကြီးကျောက်စိမ်းများကို စိတ်ကြိုက်ရွေးချယ်ခိုးယူသွားသည်ဟုလည်း သိရသည်။
“မနှင်းဆီတို့ဆိုင် မနေ့က အဖောက်ခံလိုက်ရပါတယ်။ မတ်လ ၃ရက် (သောကြာနေ့) ညနေ ၄ နာရီမှာ မနှင်းဆီတို့ဆိုင်ပိတ်ခဲ့ပြီး မနေ့က မနက် မတ်လ ၄ ရက် (စနေနေ့) မနက် ၁၀ နာရီခွဲလောက်မှာ ဆိုင်နီးနားချင်းမိတ်ဆွေတွေ ဖုန်းဆက်လာပြောမှသိရပါတယ်။ သိသိချင်းလိုက်သွားကြည့်တော့ သော့ကွင်းကို အက်ဆစ်နဲ့ဖျက်ထားပြီး တံခါးလည်းဟနေပါတယ်။ လူကြီးစုံရာနဲ့တံခါးဖွင့်ကြည့်တဲ့အခါ ဆိုင်းခန်းထဲ ပစ္စည်းတွေရှုပ်ပွနေပြီး တန်ဖိုးကြီးပစ္စည်းတော်တော်များများလည်း ပါသွားပါတယ်။ အားလုံးလည်းသတိထားလို့ရအောင် အသိပေးတာပါ”ဟု Rose Jewellery က အသိပေးထားသည်။