MT News
Written by Nay Moe
NUG ၏ ဩဇာခံ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကော့သောင်းခရိုင်အမှတ်(၁)တပ်ရင်းနှင့် KNU၊ ကော်သူ့လေအာမီ(KTLA) ပူးပေါင်းအဖွဲ့များသည် ဝိုင်ဒင်းကျေးရွာ၊ အေးမြမင်္ဂလာကျးရွာ၊ တပ်ဦးမြိုင်သာယာကျေးရွာများကို ထိန်းသိမ်းစိုးမိုးထားကြောင်း ဖေဖော်ဝါရီ ၁၉ ရက်တွင် ကြေညာပြီးနောက် တပ်မတော်စစ်ကြောင်းများက ဆက်တိုက်ထိုးစစ်ဆင်နေရာ မတ်လ ၄ ရက်တွင် ဖြစ်ပွားသော ဝိုင်ဒင်းကျေးရွာတိုက်ပွဲ၌ PDF ဘက်မှ ၉ ဦးကျပြီး အလောင်းပြန်မရသဖြင့် သေဆုံးသူများနှင့် တပ်အမည်များ သိရှိရမှုမရှိသေးကြောင်း ကော့သောင်းခရိုင်အမှတ်(၁) တပ်ရင်း (PDF KDB (1)) က မတ်လ ၅ ရက်က အသိပေးထားသည်။
ဖြစ်စဥ်မှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၄ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ကော့သောင်းခရိုင်တပ်ရင်း (၁)မှ ပုလဲစစ်ကြောင်း၊ KNLA တပ်ရင်း (၂၀၃)နှင့် KTLA ပူးပေါင်းအဖွဲ့တို့ အဖွဲ့များခွဲ၍ စစ်ရေးလှုပ်ရှားစဉ် ကော့သောင်းမြို့နယ်၊ ဝိုင်ဒင်းကျေးရွာအနီး တောတွင်းတစ်နေရာ၌ ခေတ္တအခြေပြုနေသည့် တပ်ရင်း (၁) ပုလဲစစ်ကြောင်းမှူး မြစ်ချောင်းပါအဖွဲ့အား ဝိုင်ဒင်းရွာသားအချို့၏ လမ်းပြမှုဖြင့် တပ်စစ်ကြောင်းမှ သာလွန်အင်အားအသုံးပြု၍ အဖွဲ့ (၃) ဖွဲ့ခွဲကာ လာရောက်တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားစဉ် ကျန်ရှိသည့် PDF ပူးပေါင်းအဖွဲ့များက စစ်ကူလာရောက်တိုက်ခိုက်ခဲ့သော်လည်း တိုက်ပွဲတွင် PDF ပူးပေါင်းအဖွဲ့မှ ရဲဘော် (၉) ဦး သေဆုံးသွားပြီး ထိပ်တိုက်တိုက်ပွဲ ပြင်းထန်လွန်း၍ အင်အားမမျှသဖြင့် ၎င်း (၉) ဦး၏ ကိုယ်ခန္ဓာများအား ပြန်ယူနိုင်ခြင်းမရှိဘဲ နံနက် ၁၀ နာရီအချိန်ခန့်တွင် PDF အဖွဲ့များ ဆုတ်ခွာခဲ့ရသည်။ တိုက်ပွဲအတွင်း PDF ပူးပေါင်းအဖွဲ့ဘက်မှ သေဆုံးသည့် ရဲဘော် (၉) ဦး (အမည်၊တပ်ဖွဲ့)အား မြေပြင်ရှိ အခက်အခဲများအရ ဆက်သွယ်စိစစ်နေဆဲဖြစ်ကြောင်း PDF KDB (1) က ယနေ့ အသိပေးသည်။
အဆိုပါ တိုက်ပွဲအတွင်း NLD ဝန်ကြီးချုပ်ဟောင်းဦးမြင့်မောင်၏ ရွေးကောက်ပွဲကိုယ်စားလှယ်ဖြစ်ခဲ့ပြီး ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုရာမှ ရှောင်တိမ်းသွားပြီး လက်နက်ကိုင်ခဲ့သူ ကော့သောင်း NLD ဥက္ကဋ္ဌဦးသက်နိုင်ပါ သေဆုံးသွားသည်ဟု ကော့သောင်းခရိုင်အမှတ်(၁) တပ်ရင်းအဖွဲ့ဝင်အချို့က ဝမ်းနည်းမှတ်တမ်းရေးသားနေသည်ကိုလည်း တွေ့ရသည်။