MT News
Written by Nay Aung
မြန်မာနိုင်ငံ၏လူဦးရေသည် တစ်နှစ်ကို ၀ ဒသမ ၆၇ ရာခိုင်နှုန်းတိုးတက်နေရာ လာမည့် ၂၀၅၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေက ၆၂ ဒသမ ၃၂သန်းအထိရောက်ရှိလာမည်ဖြစ်ကြောင်း World Population Review အဖွဲ့၏ ဖော်ပြချက်အရ သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံရှိ အမျိုးသမီးတစ်ဦးလျှင်ကလေးမွေးဖွားနှုန်းက ၂ ဒသမ ၁၃ ရာခိုင်နှုန်းသာရှိပြီး ၁၉၈၃ ခုနှစ်က မြန်မာအမျိုးသမီးတစ်ဦး၏ သားသမီးမွေးဖွားနှုန်းနှင့် နှိုင်းယှဉ်လျှင် ထက်ဝက်နီးပါးကျဆင်းနေကြောင်း သိရသည်။ ၁၉၈၃ ခုနှစ်က မြန်မာအမျိုးသမီးတစ်ဦးသည် ကလေး ၅ ဦးအထိ မွေးဖွားခဲ့ရာ မြန်မာအမျိုးသမီးများ၏ ကလေးမွေးဖွားနှုန်းက တဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ ကလေးမွေးဖွားနှုန်းကျဆင်းလာခြင်း၏ အကြောင်းများစွာရှိနေသည့်အနက် အိမ်ထောင်မပြုရသေးသော အမျိုးသမီးအရေအတွက်များပြားလာမှုနှင့် သန္ဒေတားဆီးမှုနှုန်း မြင့်တက်လာခြင်းတို့ကြောင့်ဖြစ်ကြောင်း WPR အဖွဲ့က ဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သောရာစုနှစ်အတွင်း ပြည်တွင်းစစ်များရှိခဲ့သော်လည်း ကလေးမွေးဖွားနှုန်း တည်ငြိမ်ကောင်းမွန်မှုများရှိခဲ့ဖူးပြီး ၁၉၆၀ ပြည့်နှစ်က မြန်မာနိုင်ငံ၏လူဦးရေသည် မြင့်တက်လာခဲ့ဖူးကြောင်းသိရသည်။
သို့သော်လည်း မြန်မာနိုင်ငံ၏ ကလေးမွေးဖွားနှုန်းက တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး လက်ရှိရာစုနှစ်တွင် ကလေးမွေးဖွားနှုန်း ပိုမိုကျဆင်းလာဖွယ်ရှိနေကြောင်း၊လက်ရှိအချိန်တွင်မြန်မာနိုင်ငံ၏ ကလေးမွေးဖွားနှုန်းက ၁ ရာခိုင်နှုန်းအောက်ရောက်ရှိနေရာ လာမည့် ၂၀၅၀ တွင် မြန်မာနိုင်ငံ၏ကလေးမွေးဖွားနှုန်းမှာ သုညရာခိုင်နှုန်းနား ရောက်ရှိလာဖွယ်ရှိနေကြောင်း သိရသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေသည် ၅၄၄၆၃၁၁ ဦးရှိနေကြောင်း ကုလသမဂ္ဂ၏ နောက်ဆုံးထုတ်ပြန်သောအချက်အလက်များကို အခြေခံကာ ဖော်ပြထားသော်လည်း ၂၀၂၃ ခုနှစ် ဇူလိုင် ၁ရက်နေ့တွင်မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေက ၅၄၅၇၇၉၉၇ ဦး ရှိလာနိုင်မည်ဖြစ်ကြောင်း WPR က ခန့်မှန်းထားသည်။ မြန်မာနိုင်ငံတွင် တစ်ရက်ကို ကလေးဦးရေ ၂၄၉၂ဦး ပျှမ်းမျှမွေးဖွားပြီး တစ်ရက်ကို ၁၃၁၆ ဦး ပျမ်းမျှသေဆုံးလျက်ရှိနေကြောင်း သိရသည်။
ref ——- worldpopulationreview