MT News
Written by Nay Moe
အသက် ၆၀ အရွယ် နတ်မောက်မြို့နယ် ပညာရေးမှူးဦးသိန်းထိုက်ကို Magway Guerrilla Warfare နှင့် ဒေါင်းစစ်သည် PDF အဖွဲ့က သတ်ဖြတ်ခဲ့ဟု ဝန်ခံချက်ထုတ်ပြန်ထားသည်။
ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၄ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်အချိန်တွင် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပညာရေးမှူး ဦးသန်းထိုက်အား PDF နှစ်ဖွဲ့ပေါင်းကာချောင်းမြောင်းပစ်ခတ်သတ်ဖြတ်သွားခြင်းဖြစ်ပြီး နတ်မောင် ပြည်သူ့ဆေးရုံနှင့် အောင်ဟိန်းစားသောက်ဆိုင်ကြား ကတ္တရာ လမ်းမပေါ်တွင် သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
“အသက် ၆၀ ပင်စင်ယူတော့မဲ့အရွယ်မို့လို့ အနားမယူဘဲ ဆက်လုပ်နေတာ။ မြို့နယ်ပညာရေးမှူးဆိုတော့ ကျောင်းမတက်တဲ့သူတွေကို အထက်ကမေးလာရင် ဘယ်သူတက်တယ်။ ဘယ်သူကတော့မတက်ဘူးဆိုတာတွေ တင်ပြရတာကို CDM လုပ်တဲ့သူတွေကို ဖိအားပေးတယ်ဆိုပြီး ချောင်းပစ်သွားတာ။ ဆရာဦးသိန်းထိုက် အိမ်ပြန်လာချိန်မှာ နောက်ကနေ ဆိုင်ကယ်တစ်စီးနဲ့ PDF နှစ်ယောက်လိုက်လာပြီး ပစ်သတ်သွားတာ။ ဆရာ့ခန္ဓာကိုယ်မှာ ကျည်ထိရာငါးချက်နဲ့ နေရာတင်ပွဲချင်းပြီးသေသွားတာ”ဟု အထက်ပါဖြစ်စဥ်သိရှိသူဝန်ထမ်းတစ်ဦးက MT News သို့ ပြောသည်။
Magway Guerrilla Warfare နှင့် ဒေါင်းစစ်သည် PDF အဖွဲ့ဝင်နှစ်ဦးက သေနတ်ဖြင့် ၅ ချက် အနောက်မှချောင်းမြောင်းပစ်ခတ်မှုကြောင့် ဦးသန်းထိုက်တွင် ယာနားရွက်အထက်ဂျိုစောင်း ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်၊ ချက်ဝဲဘက်ဘေး ကျည်ဖောက်ထွက်ဒဏ်ရာ တစ်ချက်၊ ဝမ်းဗိုက်ယာဘက်အထက်ပိုင်းကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ ရင်အုံယာဘက်ကျည်ဖောက်ဝင်ဒဏ်ရာ တစ်ချက်၊ နောက်ကြောဝဲဘက်ခြမ်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက် ဒဏ်ရာများဖြင့် နေရာတွင် သေဆုံးခဲ့ရပြီး ထိုပစ်ခတ်မှုအနီးတွင် LUGER 9mm ကျည်ခွံ ၅ ခု တွေ့ရှိရကြောင်း သိရသည်။