MT News
Written by Tha Doe
၂၀၂၂ ခုနှစ်အတွင်း တရုတ်သို့ မြေရှားသတ္တုတင်ပို့မှု ဒေါ်လာ သန်း ၆၀၀ ကျော်ရှိခဲ့ပြီး KIO ထိန်းချုပ်ရာနယ်မြေများအထိပါ မြေရှားသတ္တုတူးဖော်မှုကျယ်ပြန့်လာသည်ဟု အမေရိကန်၏ ထောက်ပံမှုဖြင့် လည်ပတ်နေသည့် ISP Myanmar ၏ သုတေသနတွင် ဖော်ပြထားသည်။
“မြန်မာပြည်မြောက်ပိုင်းမှာ တရားမဝင် မြေရှားသတ္တုတူးဖော်မှုတွေ အလွန်အကြူး ဖြစ်နေပါတယ်။ ပြည်သူ့ စစ်လက်နက်ကိုင်တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ချီဖွေ၊ ပန်ဝါဒေသတွေမှာတင် မဟုတ်တော့ဘဲ ကချင်လွတ်လပ်ရေးတပ်မတော် (KIA/KIO) ထိန်းချုပ်တဲ့ မိုင်ဂျာယန်နဲ့ မန်စီဒေသတွေအထိ ကျယ်ပြန့်လာနေပါပြီ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာပဲ မန်စီမြို့နယ်မှာ မြေရှားသတ္တုတူးဖော်ဖို့ လုပ်နေတဲ့ (တရုတ်လူမျိုးတွေပါတဲ့) ကုမ္ပဏီနဲ့ ဘာသာရေးခေါင်းဆောင်များ၊ ဒေသခံပြည်သူတွေအကြား တင်းမာမှုဖြစ်နေပါတယ်။ မြေရှားတူးဖော်တာကို ဒေသခံတွေက အပြင်းအထန် ကန့်ကွက်နေကြပြီး လုပ်ငန်းလုပ်နေသူတွေ အပြီးထွက်သွားဖို့ တောင်းဆိုနေကြပါတယ်။ အရင်အတွေ့အကြုံတွေအရလည်း ပန်ဝါဒေသမှာ တူးဖော်ခဲ့တာကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုစီးပွားရေး အခြေအနေတွေ ဆိုးရွားစွာ ထိခိုက်ခဲ့ပါတယ်”ဟု ISP Myanmar က ဆိုသည်။
မြေရှားသတ္တုတူးဖော်မှု နောက်ကွယ်တွင် SAC နှင့် သူနီးစပ်သည့် နယ်ခြားစောင့်တပ်ဖွဲ့များအပြင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ အကျိုးစီးပွားတွေပါ ရှိနေကြသည်ဟု ISP Myanmar က စွပ်စွဲသည်။
“မြန်မာဘက်က တူးဖော်ရရှိတဲ့ မြေရှားထွက်ကုန်တွေကို တရုတ်နိုင်ငံဘက်ကိုပဲ အဓိက တင်ပို့ရောင်းချနေတာဖြစ်ပြီး SAC က တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (GACC) ရဲ့ ထုတ်ပြန်ချက်တွေအရ ၂၀၂၂ ခုနှစ်မှာ မြန်မာရဲ့ တရုတ်ကို မြေရှားသတ္တုတင်ပို့မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၆၀ဝ ကျော် ရှိခဲ့ပြီး တန်ချိန် ၂၄,ဝ၀ဝ နီးပါး တင်ပို့ခဲ့ပါတယ်။ ဒီအချက်တွေကြောင့်လည်း မြန်မာနဲ့ တရုတ်နိုင်ငံအကြား ကုန်သွယ်မှုတန်ဖိုးကွာဟချက်ကို ဖြစ်စေတာပါ။ မြန်မာ-တရုတ် ကုန်သွယ်မှုတန်ဖိုး ကွာဟချက်က ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ရှစ်လတာကာလမှာတင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော် ရှိခဲ့ပါတယ်”ဟု ISP Myanmar က ပြောသည်။