MT News
Written by Ye Kyaw
တရုတ်-မြန်မာနယ်စပ်မှ ပထမဦးဆုံးအကြိမ်အဖြစ် လျှပ်စစ်ကား (EV) ၃၀ စီး ရောက်ရှိခဲ့ပြီး ရန်ကုန်ဆိပ်ကမ်းသို့ လျှပ်စစ်ကားအစီးရေ ၁၉ စီးထပ်မံရောက်ရှိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်တွင် Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော Dongfeng အမျိုးအစား လျှပ်စစ်သုံးယာဉ် ၃၀ စီးသည် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ မတ်လ ၃ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး နယ်စပ်မှ ပထမဦးဆုံး တင်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် Earth Renewable Energy Co., Ltd. မှ တင်သွင်းလာသော BYD အမျိုးအစား လျှပ်စစ်သုံးယာဉ် ၁၉ စီးသည် ထီးတန်းဆိပ်ကမ်းသို့ ရောက်ရှိလာသဖြင့် မတ်လ ၃ ရက်တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့သည်။
ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက လျှပ်စစ်သုံးယာဥ်အစီး ၄၀ ရောက်ရှိခဲ့ပြီး ဖေဖော်ဝါရီလတွင် တရုတ်နိုင်ငံထုတ် BYD အမှတ်တံဆိပ် လျှပ်စစ်ကား ၂၅ စီး ရောက်ရှိပြီးဖြစ်သဖြင့် လက်ရှိတွင် စုစုပေါင်းလျှပ်စစ်ကား ၁၁၄ စီးအထိ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။