MT News
Written by Min Mahar
ချမ်းမြသာစည်မြို့နယ်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံး လက်ဗစ်ဗုံးဖြင့်ပစ်ပေါက်ခံရပြီး ရုံးရှေ့တွင်ရပ်ထားသည့်ကားတစ်စီး ထိမှန်ပျက်စီးမှု မတ်လ ၄ ရက် ညဦးပိုင်းက ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်ရပ်ကွက်၊ အကွက်(၈၅၄)၊ ၇၈ လမ်းနှင့် ရန်ကုန် -မန္တလေးသံလမ်းကြား၊ စစ်ကိုင်းလမ်းခွဲရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို မတ်လ ၄ ရက် ည ၇ နာရီကျော်က ဆိုင်ကယ်တစ်စီးဖြင့်အမျိုးသားလူငယ် ၂ ဦးသည် စစ်ကိုင်းလမ်းခွဲ၊ ဦးပွားဂုံးကျော်လမ်းတံတားအဆင်းအတိုင်း အနောက်မှအရှေ့သို့ မောင်းနှင်လာကာ အနောက်တွင်ထိုင်စီးလာသူမှ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ရာ အဆိုပါရုံးရှေ့တွင်ရပ်ထားသော ရာအိမ်မှူးတစ်ဦး၏ Honda Fit အမျိုးအစားအနက်ရောင်မော်တော် ယာဉ်အနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယင်းပေါက်ကွဲမှုကြောင့် မော်တော်ယာဉ်၏ ရှေ့လေကာမှန် ကွဲအက်၊ ဘယ်ဘက်တံခါးဘော့စိထိမှန်၊ ရေတိုင်ကီပေါက်၊ ရှေ့ဘီး ၂ ဘီးပေါက်သွားခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း ၎င်းရုံးအဖွဲ့ဝင်တစ်ဦး၏ ပြောပြချက်အရသိရသည်။
ထိုပေါက်ကွဲရာသို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရောက်ရှိလာပြီး အနီးပတ်ဝန်းကျင်ရှိ CCTVမှတ်တမ်းများ လိုက်လံကြည့်ရှုကာ စုံစမ်းမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။