MT News
Written by Nay Aung
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခများနှင့်ဆက်နွှယ်ပြီး နေအိမ်များ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများအပါအဝင်အရပ်ဘက်ဆိုင်ရာ အိုးအိမ်အဆောက်အဦပေါင်း ၃၄၃၈၀ ခန့် မီးလောင်ခြင်း၊ ဖျက်ဆီးခံရခြင်းများရှိခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့် လခြမ်းနီ အသင်းများအဖွဲ့ချုပ်(IFRC)၏ ပြီးခဲ့သည့်ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သော နောက်ဆုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံတဝှမ်းတွင် လက်ရှိအချိန်အထိ လက်နက်ကိုင် ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျက်ရှိနေရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်နေ့အထိ အနည်းဆုံးလူပေါင်း ၁ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း သိရသည်။
အာဏာထိန်းသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသများတွင် နေရပ်စွန့်ခွာသူဦးရေအမြင့်ဆုံးဖြစ်ခဲ့ပြီး အနောက်မြောက်ပိုင်းဒေသများဖြစ်သော စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တို့တွင် နေထိုင်သူပေါင်း ၇၉၅၀၀၀ ခန့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်။
ထို့နောက်ပိုင်း ချင်းပြည်နယ်မှ ၄၇၂၀၀ ဦး၊ စစ်ကိုင်းတိုင်းမှ ၆၂၄၀၀၀ ဦးနှင့် မကွေးတိုင်းမှ ၁၂၄၄၀၀ ဦးတို့ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး ယာယီခိုလှုံရေးစခန်းများ၊ ဒုက္ခသည်စခန်းများတွင် နေထိုင်နေရကြောင်း သိရသည်။
လုံခြုံရေးကို တင်းကြပ်စွာစစ်ဆေးခြင်း၊ လမ်းများပိတ်ဆို့ခြင်းက မြေပြင်နှင့် ရေကြောင်းသွားလာမှုများအပေါ် သက်ရောက်မှုများရှိခဲ့ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူညီများပေးရန် အကူအညီပေးရေးဝန်ထမ်းများအပေါ် အတားအဆီးဖြစ်ခဲ့ကြောင်း IFRC က ဖော်ပြထားသည်။
ကိုဗစ်ကပ်ရောဂါ၏ သက်ရောက်မှုများအပြင် နိုင်ငံရေးပြဿနာများကြောင့် မြန်မာနိုင်ငံရှိ လူဦးရေအားလုံး၏ တစ်ဝက်နီးပါးက ဆင်းရဲမှုများနှင့် ရင်ဆိုင်နေရသည်ဟု IFRC က ဆိုသည်။ ပဋိပက္ခများကြောင့် လမ်းများပိတ်ခြင်း၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို တားဆီးခြင်း၊ ငွေကြေးတန်ဖိုးကျဆင်းခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်ခြင်းများက ပြည်တွင်းဈေးကွက်တွင် အစားအစာဈေးနှုန်းများ မြင့်တက်ခြင်း၊ လောင်စာဆီဈေးနှုန်းများ မြင့်တက်ခြင်းများ ဖြစ်လျက်ရှိနေကြောင်း IFRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ref ——- IFRC