MT News
Written by Nay Aung
မြန်မာနိုင်ငံ၏ ပြည်တွင်းရေး၊ နိုင်ငံရေးအခြေအနေများကြောင့် ကုလားတန်ဘက်စုံသယ်ယူပို့ဆောင်ရေး စီမံကိန်း (KMMTTP) ရည်မှန်းချက်များ နှောင့်နှေးလျက် ရှိနေကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီး RK Ranjan Singh က ထုတ်ဖော်ပြောဆိုလိုက်သည်။
အိန္ဒိယဗဟိုအစိုးရသည် အိန္ဒိယ၏အရှေ့မျှော်မူဝါဒများအရ အပြန်အလှန် နယ်စပ်ဖြတ်ကျော်မည့် စီမံကိန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ရေလမ်းကြောင်းလုပ်ဆောင်မည့် စီမံကိန်းများကို ဦးစားပေးလုပ်ဆောင်ရန် စီစဉ်ထားကြောင်း ၎င်းကပြောသည်။
“မြန်မာနိုင်ငံရဲ့ ပြည်တွင်းနိုင်ငံရေးအခြေအနေတွေက မခန့်မှန်းနိုင်တဲ့အခြေအနေမျိုးဖြစ်နေတဲ့အတွက် ကုလားတန်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနဲ့ပတ်သက်တဲ့ တိုးတက်မှုတွေ နည်းနည်းလမ်းချော်နေသလိုမျိုးဖြစ်နေတယ်” ဟု RK Ranjan Singh က ပြောသည်။
ကုလားတန်ဘက်စုံစီမံကိန်းသည် အင်ဒို-ပစိဖိတ်ဒေသအတွင်းရှိ နိုင်ငံများနှင့် အိန္ဒိယအရှေ့မြောက်ဒေသကို ချိတ်ဆက်နိုင်ရန် အိန္ဒိယဗဟိုအစိုးရ စီစဉ်ဆောင်ရွက်နေသော မဟာဗျူဟာမြောက် စီမံကိန်းဖြစ်သည်။
” ကုလားတန်ဘက်စုံစီမံကိန်းဟာ မီဇိုရမ်ပြည်နယ်အစိုးရရဲ့အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အိန္ဒိယဗဟိုအစိုးရက ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ဆောင်တဲ့ မဟာ ဗျူဟာမြောက်စီမံကိန်းဖြစ်ပါတယ်။ ဒီစီမံကိန်းဟာမျှော်လင့်ထားတဲ့အတိုင်းပြီးမယ်ဆိုရင် အိန္ဒိယအရှေ့မြောက်ပိုင်းဒေသတွေနဲ့ အင်ဒို-ပစိဖိတ်ဒေသကနိုင်ငံတွေကို ချိတ်ဆက်နိုင်မှာဖြစ်သလို အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အတွက်လည်း ကူညီပေးနိုင်မှာဖြစ်ပါတယ်” ဟု RK Ranjan Singh ကဆက်လက်ပြောသည်။
ကုလားတန်ဘက်စုံစီမံကိန်း လမ်းချော်နေသော်လည်း အိန္ဒိယအစိုးရသည် အပြောင်းအလဲများလုပ်ဆောင်ဖွယ်ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ချိတ်ဆက်မည့် ရေလမ်းကြောင်း စီမံကိန်းကို လုပ်ဆောင်ရန် ပစ်မှတ်ထားနေကြောင်း သိရသည်။ ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် စစ်တွေ ရေနက်ဆိပ်ကမ်းစီမံကိန်း၊ ရေနက်ဆိပ်ကမ်းမှ ချင်းပြည်နယ် ပလက်ဝမြို့အထိ လမ်းကြောင်းဖောက်လုပ်မည့် အစီအစဉ်များပါဝင်ကြောင်း သိရသည်။
ကုလားတန်ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်းတွင် လမ်းတံတားဖောက်လုပ်ခြင်းများ ပြီးစီးသွားလျှင် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ကုန်းလမ်းအတိုင်း ကုန်သွယ်မှုပြုလုပ်ကာ ကုလားတန်မြစ်ကြောအတိုင်း ရခိုင်ပြည်၊ စစ်တွေဆိပ်ကမ်းအထိ ကုန်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ref ——- eastmojo