October 23, 2024

MT News

Written by Myo Khine

ဇွဲကပင်တောင်ပေါ်မှ အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေးတစ်ဦး မတ်လ ၄ ရက် မွန်းလွဲပိုင်းက ခြေချော်ပြုတ်ကျသော်လည်း အသက်ရှင်ခဲ့ကြောင်း ဘားအံမြို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်း ယက သိရသည်။

‌ဇွဲကပင်တောင်တက်လမ်း (လုမ္မဏီဥယျာဉ် – အနောက်ဘက်ခြမ်း)မှ ဘုရားဖူးပြည်သူတစ်ဦး ချော်ကျကြောင်း သတင်းရရှိသဖြင့် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ( ဘားအံ )မှ ခရိုင်ဥက္ကဋ္ဌဦးဆောင်၍ အင်အား ၂၀ ခန့်၊မေတ္တာစေတနာလူမှုကူညီရေးအသင်းဝင်များ သွားရောက်ကူညီခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဖြစ်စဉ်ကြောင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်ခန့်တွင် ထိုလူငယ်အား အထက်ရေတံခွန်အကျော်၌ ပြန်လည်တွေ့ရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရခြင်းမရှိဘဲ ပွန်းပဲ့ဒဏ်ရာများသာရရှိခဲ့သဖြင့် အရေးပေါ်မြေပြင်ဆေးကုသမှုလုပ်ဆောင်၍ တောင်ခြေသို့ ပြန်လည်သယ်ဆောင်ခဲ့ကြောင်းသိရသည်။

“ကလေးက ဇွဲကပင်တောင်နားက ကျေးရွာကပဲ။ တောင်လာတက်တာ။ အဲဒီမှာခြေချော်ကျတယ်ဆိုပြီး သတင်းပို့လာတော့ ချက်ချင်းသွားရောက်ကူညီခဲ့တယ်။ ပွန်းပဲ့ဒဏ်ရာလောက်ပဲ ရတယ်။ ဘာမှ မစိုးရိမ်ရပါဘူး”ဟု ယင်း သတင်းဝင်တစ်ဦးက MT News ကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်ကလည်း ဇွဲကပင်တောင်တက်လမ်း (အနောက်ဘက်ခြမ်း-လုမ္မနီဥယျာဉ်) အထက်ရေတံခွန်အကျော် ကရင်မောင်နှမနတ်နန်း အနီးတွင် ဘုရားဖူးလာသူ အမျိုးသားတစ်ဦး အမောဖောက်၍ သေဆုံးခဲ့သေးကြောင်း ယင်းအသင်းက သိရသည်။

ဇွဲကပင်တောင်သည် မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၇၂ ပေအမြင့်ရှိကာ ဘားအံမြို့၏ တောင်ဘက် ၇ မိုင်ခန့်အကွာ ခလောက်နို့ကျေးရွာအနီးတွင် တည်ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *