MT News
Written by Nay Moe
ပြည်ပသို့ထွက်ပြေးသွားသည့် NUG ၏ ခေါင်းကိုင်ဖခင် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့က ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နှင့် ဦးဝင်းမြင့်အောင်တို့အား ထုတ်ပယ်ကြောင်း စာထွက်လာအပြီးတွင် ဦးတိုးလွင်၏ တုံ့ပြန်မှုနှင့်အတူ NLD နာယက ဦးတင်ဦး၊ သမ္မတဟောင်း ဦးထင်ကျော်၏ဇနီး ဒေါ်စုစုလွင်နှင့် ဒေါက်တာတင်မျိုးဝင်း အပါအဝင် NLD ပါတီထိပ်တန်းတာဝန်ရှိသူ ၆ ဦးကို NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပယ်စာလည်း ထွက်ပေါ်လာရာ ထိုထုတ်ပြန်စာကိုအတုဖြစ်သည်ဟု ဦးအောင်ကြည်ညွန့်ဖြေရှင်းသော်လည်း ဦးတိုးလွင်၏ တုံ့ပြန်မှုကိုမူ ဖြေရှင်းရဲခြင်းမရှိဘဲ မသိကျိုးကျွံပြုလုပ်ထားသည်ကိုသာ တွေ့ရသည်။
ဦးဖြိုးမင်းသိန်းအပါအဝင် လေးဦးအားထုတ်ပယ်ပြီးနောက် NLD CWC က ထုတ်ပယ်ခဲ့သူခြောက်ဦးမှာ (က) ဦးတင်ဦး(အဖွဲချုပ်နာယက)၊ (ခ) ဒေါ်ခင်ဌေးကြွယ်(ဗဟိုအလုပ်အမှုဆောင်)၊ (ဂ) ဒေါက်တာတင်မျိုးဝင် (ဗဟိုအလုပ်အမှုဆောင်)၊ (ဃ) ဒေါ်စုစုလွင် (အရန်ဗဟိုအလုပ်အမှုဆောင်)၊ (င)ဦးဇွဲဘွဲ့ (အရန်ဗဟိုအလုပ်အမှုဆောင်) နှင့် (စ) ဒေါ်ခင်စန်းလှိုင်(ဗဟိုအလုပ်အမှုဆောင်) တို့ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲချုပ် နာယက ဦးတင်ဦးသည် SAC ခေါင်းဆောင်နှင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် တွေ့ ဆုံဆွေးနွေးညှိနှိင်းမှုများ ပြုလုပ်ခဲ့ရုံမက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း SAC အဖွဲဝင် မန်းငြိမ်းမောင်နှင့်တွေ့ဆုံ၍ SAC ခေါင်းဆောင်နှင့် စာပေးစာယူပြုလုပ်ခဲ့ကြောင်း ခိုင်လုံသည့် အထောက်အထားများရရှိထားသဖြင့် ပါတီမှထုတ်ပယ်သည်ဟု NLD CWC ၏ ၃/၂၀၂၃ ကြေညာချက်က ဆိုသည်။
ထိုအတူ အမျိုးသားဒီမိုကရေစီအဖွဲချုပ် ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဒေါ်ခင်ဌေးကြွယ်၊ ဒေါက်တာ တင်မျိုးဝင်း၊ အရန်ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဇွဲဘွဲ့နှင့် ဗဟိုကော်မတီဝင် ဒေါ်ခင်စန်းလှိုင် တိုသည် SAC နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ခိုင်လုံသည့်အထောက်အထားများရရှိထားသဖြင့် ထုတ်ပယ်ရသည်ဟုလည်း ဆိုသည်။
အလားတူ အမျိုးသားဒီမိုကရေစီအဖွဲချုပ် အရန်ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဒေါ်စုစုလွင်သည် SAC မှ ပေးအပ်သည့် ဘွဲတံဆိပ်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နေအိမ်၌ ၎င်း၏အမျိုးသားဖြစ်သူ(NLD သမ္မတဟောင်းဦးထင်ကျော်)ကို လက်ခံရယူစေခဲ့သည့်အပြင် SAC နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ခိုင်လုံသည့်အထောက်အထားများ ရရှိထားသဖြင့် ထုတ်ပယ်ရသည်ဟုလည်း ရေးသားထားသည်။
ပြည်ပထွက်ပြေးပြီး NLD Official Page နှင့် ဒီလှိုင်း Page တို့အား တရားမဝင်ရယူသုံးစွဲနေသည့် ဦးအောင်ကြည်ညွန့်တို့၏ NLD CWC မှာ တရားဝင်မဟုတ်သည့်အပြင် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမကျင်းပနိုင်ဘဲ NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များကို ထုတ်ပယ်နိုင်မှုမရှိကြောင်း၊ ပြည်ပသို့ ကြောက်၍ ထွက်ပြေးပြီး အဖွဲအစည်းသစ်ထူထောင်သည့် ဦးအောင်ကြည်ညွန့်တို့ CRPH၊ NUG အုပ်စုမှ NLD ပါတီဝင်များမှာ အလိုအလျောက်ထုတ်ပယ်ခံထားရသူများဖြစ်ကြောင်း ယင်းတို့အုပ်စုမှာ ပြည်ပမှနေ၍ နိုင်ငံရေးယုတ်မာမှုများလုပ်ဆောင်နေကြောင်းလည်း NLD ဗဟိုကော်မတီဝင် ဦးတိုးလွင်က တုံ့ပြန်ထားပြီး ထိုတုံ့ပြန်မှုများကိုမူ ဦးအောင်ကြည်ညွန့်အနေဖြင့် ပြန်လည်ဖြေရှင်းနိုင်မှု မရှိချေ။