၄. ၃. ၂၀၂၃
Written By Thandar
ချင်းရိုးရာအစားအသောက်တွေ ၊ အဝတ်အထည်တွေနဲ့ လက်မှုပစ္စည်းတွေဆိုင်ရာ ရိုးရာပြပွဲကို ဒီနေ့ မတ်လ ၄ ရက် မနက် ၁၀ နာရီက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ဦးဝိစာရလမ်းရှိ SheCreates သူမလက်ရာပြခန်းမှာ ကျင်းပခဲ့ပါတယ်။
ချင်းရိုးရာအစားအသောက်ကိုတော့ ဒီနေ့တစ်ရက်တည်း ညနေ ၆ နာရီအထိ ကျင်းပတာဖြစ်ပြီး “ချင်းဖန်တီးသူ့ လက်ရာစုစည်းမှု” အမည်နဲ့ ချင်းရိုးရာအစားအစာနဲ့ ရိုးရာပြသတဲ့ပွဲလည်း ဖြစ်ပါတယ်။
အခုလိုခက်ခဲတဲ့ကာလမှာ အခြေအနေအရပ်ရပ်ကြောင့် ရိုးရာယဉ်ကျေးမှုတွေ ပျောက်ပျက်မသွားစေဖို့ ဖန်တီးသူတွေအနေနဲ့လည်း ဆန်းသစ်တီထွင်မှုတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့ လက်တွဲပူးပေါင်း ကျော်လွှားကြမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ “ဖန်တီးဆန်းသစ် တို့တိုင်းရင်းသားအမွေအနှစ် (Volume 2- Chin Creators’ Special) ချင်းဖန်တီးသူ့လက်ရာ စုစည်းမှု” အစီအစဉ်လေးကို ပြုလုပ်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
“ချင်းဖန်တီးသူ့လက်ရာ စုစည်းမှု” ပြပွဲမှာ ဒေသအစားအသောက်တွေကို ပြသရောင်းချပေးမယ့် Food Vendors Creators တွေက ဒေါ်ခင်မေထိုက်ရဲ့ လူရှိုင်းချင်း (ချင်းဆန်ပြုတ်၊ ချင်းဝက်အူချောင်း/ ဝက်အူ ကောက်ညှင်းအစာသွပ်၊ ချင်း မုန့်ဖက်ထုပ်) ၊ Anu (ခေါင်ရည်) ၊ Blessing Chin Traditional Food and Chicken Rice (ဆာဗူးသီး၊ ဆန်ပြုတ်၊ အမဲကြော်၊ အမဲအူပြုတ်၊ ချင်းဒိုးနတ်၊ ချင်းမုန့်) တို့က ကူညီပါဝင်အားဖြည့်ထားပြီး Product Vendors Creators တွေအနေနဲ့ ချင်းပျိုမဒီ ချင်းရိုးရာအထည်နဲ့ လက်မှုချင်းပျိုမဒီ ၊ Wedee (သဘာဝဆိုးဆေးဂျပ်ခုပ်) ၊ Ebenezer -Cing Cing (ချင်းရိုးရာ ဆွဲကြိုး/accessories) ၊ The Meng Art & Shop (Chin design T Shirt၊ Bag၊ Sticker၊ Keychain) ၊ Za Latt Nann – ဇလပ်နန်း ရိုးရာ လက်ယက္ကန်းထည် လက်လီ လက်ကား ဖြန့်ချိရေး (Chin fabric bag/ shirt/ dress)စတဲ့ ဆိုင်ခန်းတွေနဲ့ ခင်းကျင်းပြသခဲ့ပါတယ်။
ချင်းဒေသအစားအသောက်တွေကို မတ်လ ၄ ရက်နေ့ တစ်ရက်တည်းသာ ပြသရောင်းချနေတာဖြစ်ပြီး ချင်းဖန်တီးမှုလက်ရာတွေကို ပြခန်းမှာ ၁ လတိတိ ဆက်လက်ပြသသွားမှာ ဖြစ်တာမို့ ဧပြီလ ၃ ရက်နေ့အထိ SheCreates သူမလက်ရာပြခန်းမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။