၄. ၃. ၂၀၂၃
Written by Hey Mar
မွန်ပြည်နယ်၊ ရေးခရိုင်၊ လမိုင်းမြို့၊ သောင်ပြင်ကျေးရွာ ကမ်းခြေတွင် သမီးရည်းစား ၂ ဦး ဆိုင်ကယ်စီးနေစဉ် ၎င်းတို့ဆိုင်ကယ်နောက်မှ အမျိုးသား၂ ဦး စီးနင်းလာသော ဆိုင်ကယ်က သေနတ်ပစ်ဖောက် ဆိုင်ကယ်ရပ်ခိုင်းရာ ရပ်မပေးသည့်အတွက် ကျော်တက်ကာ သေနတ်နှင့်ပစ်ခတ်၍ ပစ္စည်းလုယက်မှု ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီကယ်ဆယ်ခဲ့သူ သောင်ပြင်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက MT News သို့ ပြောသည်။
ယနေ့ မတ်လ ၄ ရက်နေ့၊ နေ့လယ် ၁၁ နာရီကျော်က အဆိုပါဖြစ်စဥ်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ်ဖြင့် အမျိုးသမီးဖြစ်သူကို ပစ်ခတ်ကာ ဆိုင်ကယ်နှင့် ဆွဲကြိုး လုယူခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပရဟိတ အသင်း တာဝန်ရှိသူက “ဖြစ်စဥ်ကို တာဝန်ရှိသူတွေ ဆက်လိုက်နေကြပါတယ်။ လုယက်သူတွေ ဖမ်းမိပြီလို မကြားသေးပါဘူး။ လူငယ်စုံတွဲ ချိန်းတွေ့ပြီး သောင်ပြင်မှာ ဆိုင်ကယ်စီးနေတာကို နောက်ကနေ ဆိုင်ကယ်တစ်စီးပါလာတယ်လို့ ပြောတယ်။ ပထမ လှမ်းအော်ပြီး ရပ်ခိုင်းတယ်တဲ့။ နောက်က စီးတဲ့ မိန်းကလေးက လှည့်ကြည့်တော့ ဓါးရှည်နဲ့ သေနတ်နဲ့ ထောင်ပြတာတွေ့တော့ ရပ်မပေးဘဲ ကြောက်ကြောက်နဲ့ မောင်းပြေးကြတာ။ ရပ်မပေးတော့ သေနတ်ပစ်ဖောက်တယ်ပေါ့။ အဲဒီကနေမှ အတင်းကျော်တက်ပြီး သေနတ်နဲ့ ပစ်တာမှာ အမျိုးသမီးရဲ့ဝမ်းဗိုက် ချက်ရဲ့ဘယ်ဘက်ခြမ်းကနေဝင်ပြီး နောက်ဘက်ကို ပေါက်ထွက်တဲ့ သေနတ်ဒဏ်ရာရသွားတာ” ဟု ဆိုသည်။
သေနတ်နှင့်ပစ်ခတ်လုယက်ခံရသူ အမျိုးသမီးငယ်မှာ အသက် ၁၉ နှစ်အရွယ်ဖြစ်ပြီး၊ အမျိုးသားမှာ အသက် ၂၃ နှစ်ဟု သိရသည်။ သေနတ်ပစ်ခတ်လုယက်ခံရမှုကြောင့် အမျိုးသမီးငယ်မှာ စိုးရိမ်ဒဏ်ရာ ရရှိထားပြီး ရေးမြို့ လမိုင်းဆေးရုံမှတစ်ဆင့် မော်လမြိုင်ဆေးရုံသို့ တင်ပို့ကုသမှု ခံယူနေရကြောင်း သိရသည်။