၄. ၃. ၂၀၂၃.
translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုသမ္မတ ဂျိုးဘိုင်ဒင်၏ ရင်ဘတ်မှ အရေပြားကင်ဆာရောဂါအားဖြစ်စေနိုင်သော ဆဲလ်တစ်ခုအား ဖေဖော်ဝါရီလအတွင်းက ဖယ်ရှားခဲ့ရကြောင်း ၎င်း၏ကိုယ်ရေးဆရာဝန်က မတ်လ ၃ ရက်တွင် ပြောကြားခဲ့ပြီး သမ္မတအနေဖြင့် နောက်ထပ်ကုသမှုတစ်စုံတစ်ရာပြုလုပ်ရန် လိုမည်မဟုတ်ကြောင်းလည်း ၎င်းက ထပ်မံပြောကြားခဲ့သည်။
ဂျိုးဘိုင်ဒင်၏ ကိုယ်ရေးဆရာဝန်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သော အိမ်ဖြူတော်ဆရာဝန် ဒေါက်တာ ကီဗင် အို ကွန်နောက ဖေဖော်ဝါရီ ၁၆ ရက်ကဆေးစစ်မှုပြုစဉ် သမ္မတ၏ရင်ဘတ်မှ ကင်ဆာဖြစ်စေနိုင်သော တစ်ရှူးကို အောင်မြင်စွာ ဖယ်ရှားခဲ့ကြောင်း ပြောခဲ့သည်။ ၎င်းက ဆေးစစ်ချက်များအရ ဂျိုးဘိုင်ဒင် အနေဖြင့် သမ္မတတာဝန်များ ကျေပွန်တက်ကြွစွာထမ်းဆောင်နိုင်ရန် ကျန်းမာကြောင်းလည်း ပြောကြားခဲ့သည်။ ဒေါက်တာကွန်နောက သမ္မတအနေဖြင့် ပုံမှန်အရေပြားဆိုင်ရာစစ်ဆေးမှုများကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောခဲ့သေးသည်။
ထို့ပြင် ဒေါက်တာကွန်နောက ကင်ဆာရောဂါဖြစ်နိုင်သော အရေပြားဆဲလ်အနာမှာ လွယ်ကူစွာကုသနိုင်သည့်နည်းလမ်းများရှိကြောင်း၊ အထူးသဖြင့် စောစီးစွာသိရှိပါက ကင်ဆာရောဂါအဖြစ် မပျံ့ပွားနိုင်ကြောင်း၊ သို့သော် ခွဲစိတ်ဖယ်ရှားလိုက်သည့်အတွက် အရွယ်ကြီးလာနိုင်ကြောင်းလည်း ပြောခဲ့သည်။
ဂျိုးဘိုင်ဒင် သမ္မတမဖြစ်မီ ၎င်း၏ခန္ဒာကိုယ်မှ ကင်ဆာဖြစ်စေနိုင်သော အရေပြားအမဲအစက်အပြောက်များကိုလည်း ဖယ်ရှားခဲ့ရဖူးကြောင်း သိရသည်။ သို့သော် ၎င်းမှာလည်း ဘိုင်ဒင်အနေဖြင့် ငယ်စဉ်က နေရောင်ထဲတွင် ကြာမြင့်စွာနေခဲ့၍ဖြစ်မည်ဟု ဒေါက်တာကွန်နောက ပြောခဲ့သည်။ သမ္မတ၏ ဇနီး ဂျီလ်ဘိုင်ဒင်မှာလည်း ဇန်နဝါရီလအတွင်းက ၎င်း၏ ညာမျက်လုံးနှင့် ရင်ဘတ်တို့မှ အရေပြားကင်ဆာရောဂါအားဖြစ်စေနိုင်သော ဆဲလ်နှစ်ခုအား ခွဲစိတ်ဖယ်ရှားခဲ့ရသည်။
ဘိုင်ဒင်မိသားစုသည် ကင်ဆာရောဂါဖြစ်လေ့ဖြစ်ထရှိပြီး ကုသရလေ့ရှိကြောင်း သိရသည်။ သမ္မတ၏သားဖြစ်သူ ဆိုလျှင် ၂၀၁၅ ခုနှစ်က ဦးနှောက်ကင်ဆာကြောင့်ကွယ်လွန်ခဲ့ရသည်။
Ref—-AP