◾️ ထိုထုတ်ပယ်စာကို ပို့စ်တင်ပြီး မိနစ်ပိုင်းအတွင်း ပြန်လည်ဖြုတ်ချပြီး မေးမြန်းမှုများ ဖြေရှင်းခြင်းမရှိ
၄. ၃. ၂၀၂၃
Written by Nay Moe
NLD နာယက ဦးတင်ဦး၊ သမ္မတဟောင်းဦးထင်ကျော်၏ ဇနီး ဒေါ်စုစုလွင်နှင့် ဒေါက်တာတင်မျိုးဝင်း အပါအဝင် NLD ပါတီထိပ်တန်းတာဝန်ရှိသူ ၆ ဦးကို NLD ဗဟိုအလုပ်ကော်မတီ ဆက်လက်ထုတ်ပယ်ခဲ့ပြီး ထိုထုတ်ပယ်စာကို ပို့စ်တင်ပြီးမိနစ်ပိုင်းအတွင်း ပြန်လည်ဖြုတ်ချခဲ့ကာ မေးမြန်းမှုများကိုလည်း NLD ပါတီ Official Page မှ ပြန်လည်ဖြေရှင်းခြင်းမရှိခဲ့ဟု သိရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ သတင်းထုတ်ပြန်ချက်အမှတ် (၂/၂၀၂၃) အရ ဦးဖြိုးမင်းသိန်း(ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)၊ ဒေါ်စန္ဒာမင်း(ဗဟိုကော်မတီဝင်)၊ ဦးတိုးလွင်(ဗဟိုကော်မတီဝင်) နှင့် ဦးဝင်းမြင့်အောင်(ဗဟိုကော်မတီဝင်)တို့အား အဖွဲ့ချုပ်မှပေးအပ်ထားသော တာဝန်များအားလုံး ရပ်ဆိုင်းသည့်အပြင် ပါတီဝင်အဖြစ်မှပါ အပြီးအပိုင် ထုတ်ပယ်ခဲ့သည်ဟု NLD ပါတီ၏ တရားဝင် Facebook Page တွင် ထုတ်ပြန်သောစာ၌ ဖော်ပြခဲ့သည်။
ဦးဖြိုးမင်းသိန်းအပါအဝင် လေးဦးအားထုတ်ပယ်ပြီးနောက် NLD CWC က ထုတ်ပယ်ခဲ့သူခြောက်ဦးမှာ (က) ဦးတင်ဦး(အဖွဲ့ချုပ်နာယက)၊ (ခ) ဒေါ်ခင်ဌေးကြွယ်(ဗဟိုအလုပ်အမှုဆောင်)၊ (ဂ) ဒေါက်တာတင်မျိုးဝင် (ဗဟိုအလုပ်အမှုဆောင်)၊ (ဃ) ဒေါ်စုစုလွင် (အရန်ဗဟိုအလုပ်အမှုဆောင်)၊ (င)ဦးဇွဲဘွဲ (အရန်ဗဟိုအလုပ်အမှုဆောင်)နှင့် (စ) ဒေါ်ခင်စန်းလှိုင်(ဗဟိုအလုပ်အမှုဆောင်) တို့ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးသည် SAC ခေါင်းဆောင်နှင့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့တွင် တွေ့ ဆုံဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရုံမက ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင်လည်း SAC အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့်တွေ့ဆုံ၍ SAC ခေါင်းဆောင်နှင့် စာပေးစာယူပြုလုပ်ခဲ့ကြောင်း ခိုင်လုံသည့် အထောက်အထားများရရှိထားသဖြင့် ပါတီမှထုတ်ပယ်သည်ဟု NLD CWC ၏ ၃/၂၀၂၃ ကြေညာချက်က ဆိုသည်။
ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဒေါ်ခင်ဌေးကြွယ်၊ ဒေါက်တာ တင်မျိုးဝင်း၊ အရန်ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးဇွဲဘွဲ နှင့် ဗဟိုကော်မတီဝင် ဒေါ်ခင်စန်းလှိုင် တို့သည် SAC နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ခိုင်လုံသည့်အထောက်အထားများရရှိထားသဖြင့် ထုတ်ပယ်ရသည်ဟုလည်း ဆိုသည်။
အလားတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အရန်ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဒေါ်စုစုလွင်သည် SAC မှ ပေးအပ်သည့် ဘွဲ့တံဆိပ်အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နေအိမ်၌ ၎င်း၏အမျိုးသားဖြစ်သူ(NLD သမ္မတဟောင်းဦးထင်ကျော်)ကို လက်ခံရယူစေခဲ့သည့်အပြင် SAC နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ခိုင်လုံသည့်အထောက်အထားများ ရရှိထားသဖြင့် ထုတ်ပယ်ရသည်ဟုလည်း ရေးသားထားသည်။
ထို့အတွက် NLD CWC ပါတီ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးများတွင် တက်ရောက်လာသည့် ဗဟိုကော်မတီဝင်များ၊ တိုင်းနှင့် ပြည်နယ်အလုပ်အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီများကလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် မမှန်မကန်သက်သေထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကိုကျောခိုင်းပြီး ပါတီ၏ မူဝါဒများကိုဆန့်ကျင် လုပ်ဆောင်နေသူများအား အရေးယူပေးရန် တင်ပြလာချက်များအရ ဦးတင်ဦးအပါအဝင် ပါတီဝင်ခြောက်ဦးအား အဖွဲ့ချုပ်မှ ပေးအပ်ထားသော တာဝန်များအားလုံး ရပ်ဆိုင်းသည့်အပြင် ပါတီဝင်အဖြစ်မှပါ အပြီးအပိုင်ထုတ်ပယ်လိုက်ကြောင်းနှင့် ယင်းတို့၏ပြောဆိုဆောင်ရွက်မှုများသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်မည်သို့မျှ သက်ဆိုင်ခြင်းမရှိပါကြောင်း အသိပေးကြေညာအပ်သည်ဟုလည်း ဖော်ပြပါရှိသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူ့ဆန္ဒသဘောထားနှင့်အညီ ရပ်တည်ဆောင်ရွက်နေသော နိုင်ငံရေးပါတီတစ်ရပ်ဖြစ်သည်။ ပါတီသက်တမ်း ၃၅ နှစ်တာ ကာလတစ်လျှောက်လုံး ကြုံတွေ့ရသည့် အခက်အခဲ အကျပ်အတည်းများကို ကြံ့ကြံ့ခံရင်ဆိုင်ဖြတ်ကျော်နိုင်ခဲ့သည်မှာ သမိုင်းဖြစ်ရပ်များက သက်သေရှိသည်။ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဗဟိုအလုပ်အမှုဆောင်များ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ယခုနွေဦးတော်လှန်ရေးကာလတွင် ပါတီ၏လုပ်ငန်းတာဝန်များကို ဗဟိုအလုပ်ကော်မတီမှ တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် ဆောင်ရွက်လျက်ရှိသည်ဟုလည်း NLD CWC က ရေးသားထားသည်။ ထိုသို့ ရေးသားထုတ်ပယ်မှုကို NLD Official Page မှ တင်ပြအပြီး မိနစ်ပိုင်းအတွင်း ပြန်လည်ဖြုတ်ချမှုအပေါ် MT News သတင်းဌာနက အသေးစိတ် ဆက်လက်မေးမြန်းထားပြီး ဖြေဆိုလာသည်များကို ဆက်လက်ဖော်ပြမည်ဖြစ်သည်။
ပြည်ပထွက်ပြေးပြီး NLD Official Page နှင့် ဒီလှိုင်း Page တို့အား တရားမဝင်ရယူသုံးစွဲနေသည့် ဦးအောင်ကြည်ညွန့်တို့၏ NLD CWC မှာ တရားဝင်မဟုတ်သည့်အပြင် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးမကျင်းပနိုင်ဘဲ NLD ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များကို ထုတ်ပယ်နိုင်မှုမရှိကြောင်း၊ ပြည်ပသို့ ကြောက်၍ထွက်ပြေးပြီး အဖွဲ့အစည်းသစ်ထူထောင်သည့် ဦးအောင်ကြည်ညွန့်တို့ CRPH၊ NUG အုပ်စုမှ NLD ပါတီဝင်များမှာ အလိုအလျောက်ထုတ်ပယ်ခံထားရသူများဖြစ်ကြောင်း ယင်းတို့အုပ်စုမှာ ပြည်ပမှနေ၍ နိုင်ငံရေးယုတ်မာမှုများလုပ်ဆောင်နေကြောင်းလည်း NLD ဗဟိုကော်မတီဝင် ဦးတိုးလွင်က တုံ့ပြန်ထားသည်။