၄. ၃. ၂၀၂၃
Translated by Htwe Ko Tun
ဖိလစ်ပိုင်နိုင်ငံ၊ နီဂရိုးစ် အိုရီယင်တယ်(Negros Oriental) ပြည်နယ်အုပ်ချုပ်ရေးမှူး ရိုအယ်ဒီဂါမိုမှာ ပန်ပလိုနာမြို့၊ အစ်ဆီဒရို ရပ်ကွက်ရှိ ၎င်း၏နေအိမ်တွင် မတ်လ ၄ ရက်နံနက်က အမည်မသိ သေနတ်သမားခြောက်ဦး၏ ဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရသည်။
ပြည်နယ်အတွင်းရှိ ဆီယာတုန်မြို့၏ မြို့တော်ဝန် ဖရစ် ဒိုင်ယက်ဇ်က ပြည်နယ်အုပ်ချုပ်ရေးမှူး ကွယ်လွန်သွားခဲ့ပြီဖြစ်ကြောင်း မွန်းလွဲပိုင်းတွင် အတည်ပြုပြောကြားခဲ့သည်။ ပြည်နယ်ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ ပြည်နယ်အုပ်ချုပ်ရေးမှူး ရိုအယ်ဒီဂါမိုမှာ ခန္ဓာကိုယ်တွင်ကျည်ထိမှန်ဒဏ်ရာများ အများအပြားရရှိခဲ့ကြောင်းလည်း သိရသည်။
ရှေးဦးစုံစမ်းချက်များအရ နံနက် ၉ နာရီ ၃၆ မိနစ်တွင် သေနတ်သမားများက ရုတ်တရက်ရောက်လာကာ ဒီဂါမို အား အဓိကဦးတည်၍ ပစ်ခတ်ခဲ့ကြခြင်းဟု သိရသည်။ ဒီဂါမိုနှင့်အတူရှိနေသော အခြားအရပ်သားအချို့မှာလည်း ထိခိုက်ဒဏ်ရာများရခဲ့ကြသည်။ ဒီဂါမိုနှင့် အခြားဒဏ်ရာရသူများကို ချက်ချင်းပင်ဆေးရုံသို့ အမြန်ပို့ခဲ့ကြခြင်းဖြစ်သည်။ နောက်ဆုံးသတင်းများအရမူ ဒီဂါမိုနှင့်အတူ သေနတ်ဒဏ်ရာများရရှိခဲ့သော အခြားငါးဦးလည်း သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။
ပြည်နယ်ရဲမှူးကြီးကိုယ်တိုင်ဦးစီး၍ သေနတ်သမားများနောက်သို့ ခြေရာခံလိုက်နေကာ လမ်းများကိုလည်း ပိတ်ဆို့ရှာဖွေနေကြောင်း သိရသည်။
Ref—-Inquirer.net