◾️ပြည်ပထွက်ပြေးသည့် ဦးအောင်ကြည်ညွန့်တို့ NLD ပါတီ၏ တရားဝင် Facebook Page အား ခိုးယူအသုံးပြုပြီး နိုင်ငံရေးယုတ်မာမှုများ ဆောင်ရွက်နေ
၄. ၃. ၂၀၂၃
Written by Nay Moe
NUG ၏ ခေါင်းကိုင်ဖခင် CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်တို့အုပ်စုအား NLD နာမည်မသုံးစွဲရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့က ၂၀၂၁ ခုနှစ်ကတည်း တရားဝင်အသိပေးထားကြောင်း NLD ဗဟိုကော်မတီဝင် ဦးတိုးလွင်က ယင်းအသုံးပြုသည့် Facebook အကောင့်မှတစ်ဆင့် ဖွင့်ဟရေးသားထားသည်။
ပြည်ပထွက်ပြေးသွားပြီး လက်နက်ကိုင်တိုက်ခိုက်မှုကို ဦးဆောင်နေသည့် NUG ကို မွေးဖွားခဲ့သော CRPH ဥက္ကဋ္ဌဦးအောင်ကြည်ညွန့်တို့၏ NLD ဗဟိုအလုပ်ကော်မတီက မတ်လ ၃ ရက် ရက်စွဲဖြင့် ကိုယ်ကျိုးရှာသည်အကြောင်းပြကာ ဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း၊ ဦးတိုးလွင်နှင့် ဦးဝင်းမြင့်အောင်တို့ကို ထုတ်ပယ်ကြောင်း ကြေညာပြီးနောက် ဦးတိုးလွင်က ပြန်လည်တုံ့ပြန်လာခြင်းဖြစ်ပြီး ဦးအောင်ကြည်ညွန့်တို့ အုပ်စုတွင် ထိုသို့လုပ်ပိုင်ခွင့်မရှိကြောင်းလည်း ဦးတိုးလွင်က အသိပေးသည်။
“အစစအရာရာ ကိုယ့်ဘက်ကအင်အားစုတွေ အချင်းချင်း သွေးကွဲမှာစိုးလို့ တတ်နိုင်သလောက် သည်းခံပြီး ထိန်းထိန်းသိမ်းသိမ်းနေခဲ့တာပါ။ ဒါပေမဲ့ တိုင်းပြည်အပြင်ဘက် ရောက်နေကြတဲ့ နိုင်ငံရေးသမားတွေအချို့ဟာ ကျင့်ဝတ်သိက္ခာ မဲ့လွန်းတဲ့အပြင် နိုင်ငံရေး လူညစ်ပတ်တွေမို့လို့ ကျွန်တော် မပြောဘဲနေတဲ့ဟာတွေ ထုတ်ပြောရပါတော့မယ်။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် CEC အဖွဲ့ဝင်အားလုံးနီးပါး အဖမ်းခံ ထောင်ကျနေချိန်မှာ NLD ပါတီနဲ့ CEC အဖွဲ့ရဲ့ ဆုံးဖြတ်ချက်တွေ မချမှတ်နိုင်ခဲ့ပါဘူး။ NLD နာမည်အသုံးပြုတာ၊ CEC နာမည် အသုံးပြုတာတွေဟာ လုံးဝတရားမဝင်သလို ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD CEC အဖွဲ့က တာဝန်လည်းမခံသလို တာဝန်လည်းမယူကြောင်း ၈. ၁၁. ၂၀၂၁ ရက်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့က ရှေ့နေတွေ ( ဒေါ်မင်းမင်းစိုး၊ ဦးခင်မောင်ဇော်) ကတစ်ဆင့် အပြတ်ပြောခဲ့ပြီးသားပါ။ ဒါကြောင့် NLD ရဲ့ တရားဝင် Facebook စာမျက်နှာကို တရားမဝင် ခိုးယူအသုံးပြုနေကြတဲ့ NLD CWC အမည်ခံ ဦးအောင်ကြည်ညွန့် ဦးဆောင်တဲ့သူတွေမှာ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး။ NLD CWC အမည်ခံပြီး ဖွဲ့တာဟာလည်း တရားမဝင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေကတဆင့် ၈. ၁၁. ၂၀၂၁ ရက်နေ့မှာ အပြတ်ပြောခဲ့ပါတယ်။ ဒါကို ရူးချင်ယောင်ဆောင်ပြီး တရားမဝင်တဲ့ NLD CWC နာမည်ကို အသုံးချပြီး NLD ရဲ့ တရားဝင် Facebook Page ကို မောင်ပိုင်စီး ခိုးယူအသုံးပြုပြီး NLD နာမည်နဲ့ ကြေညာချက်တွေ ထုတ်နေတာဟာ လုံးဝတရားမဝင်ဘူးဆိုတာ NLD မှာ နှစ်များစွာ လုပ်ခဲ့ဘူးသူတိုင်း သိကြပါတယ်။ အခု So-called NLD CWC ဆိုတဲ့ သူတို့ဘာသာ သူတို့ တိုင်းပြည်အပြင်ဘက်မှာ ဖွဲ့ထားကြတဲ့ အဖွဲ့မှာ ပါဝင်တဲ့သူအားလုံးဟာ ထိုင်းနိုင်ငံ မဲဆောက်နဲ့ အမေရိကားကို အကုန်ရောက်နေကြတဲ့ သူတွေချည်းပါပဲ။ NLD ရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းအရဆိုရင် အဲဒီလို တိုင်းပြည်အပြင်ဘက် ထွက်သွားကြသူတွေဟာ NLD ပါတီဝင်အဖြစ်တောင် တရားမဝင်တော့ပါဘူး။ သူတို့တွေဟာ NLD ပါတီဝင်တွေလို့တောင် မပြောနိုင်တော့ပါဘူး။ NLD ရဲ့ နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးသမိုင်းကြောင်းမှာ ဒီလို တိုင်းပြည်အပြင်ဘက် ထွက်သွားကြတဲ့ (ရှင်းရှင်းပြောရရင် ကြောက်လို့ ထွက်ပြေးသွားကြတဲ့) သူတွေဟာ ဘယ်တုန်းကမှ NLD တာဝန်ကို ယူလို့မရသလို တာဝန်ယူခဲ့ရင်လည်း တရားမဝင်ပါဘူး။ NLD ပါတီရဲ့ တရားဝင် Facebook Page နဲ့ ဒီလှိုင်း (D-Wave) Facebook Page နှစ်ခုစလုံးဟာ နဂို NLD ပြန်ကြားရေးအဖွဲ့ဝင်ဟောင်းတွေဖြစ်ကြတဲ့ နေဘုန်းလတ် (ယခု NUG) နှင့် လွင်ကိုလတ် (ယခု NUG) တို့ နှစ်ဦးရဲ့ လက်ထဲမှာ ရောက်နေကြပါတယ်။ ၂၀၂၁ ခုနှစ် မတ်လမှာ NLD ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ကိုကြည်တိုး အဖမ်းခံရပြီးနောက်မှာ နေဘုန်းလတ်နဲ့ လွင်ကိုလတ်တို့ နှစ်ဦးက NLD Facebook Page နဲ့ ဒီလှိုင်း Facebook Page ကို Password ပြောင်းပြီး သိမ်းယူထားခဲ့တာပါ။ နောက်ပိုင်း NLD ဖေ့စ်ဘွတ် Page ကနေမှ NLD ရဲ့ ကြေညာချက်တွေကို တရားမဝင် ထုတ်ပြန်နေခဲ့ကြတာပါ”ဟု ဦးတိုးလွင်က ဆိုသည်။
ဦးတိုးလွင်သည် NLD ပါတီ၏ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သလို NLD ပါတီ၏ အရေးကြီးဆုံးနှင့် အရေးပါဆုံး ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် ၁၉၈၈ ခုနှစ် NLD ပါတီ၏ ဖွဲ့စည်းပုံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများအပြင် ၂၀၁၁ ခုနှစ် နှစ်ကုန်တွင် NLD ပါတီ ပြန်မှတ်ပုံတင်ခဲ့ပြီးနောက်ပိုင်း NLD ပါတီ၏ ပါတီစည်းမျဉ်းနှင့် ဖွဲ့စည်းပုံ၊ နိုင်ငံရေးဝါဒ သဘောတရားနှင့် လုပ်ငန်းစဉ်များကို အားလုံးနားလည်သလို ကြေကြေညက်ညက်လည်း ရှိထားသူဖြစ်သည်။၂၀၁၁ ခုနှစ် နောက်ပိုင်း ပြန်ဖွဲ့ခဲ့သည့် NLD ပါတီဖွဲ့စည်းပုံမှာ CWC ( ဗဟိုအလုပ်ကော်မတီ ) ဆိုသည်မှာ လုံး၀မရှိသလို၊ ဖွဲ့ခဲ့သည်မှာလည်း တရားမဝင်ကြောင်းနှင့် NLD ပါတီ၏ ပါတီစည်းကမ်းထိန်းသိမ်းရေးအဖွဲ့အဆင့်ဆင့်ဖွဲ့စည်းပုံနှင့် လုပ်ထုံးလုပ်နည်းများ အရဆိုလျှင် ယခု So-called CWC အဖွဲ့မှာ ပါတဲ့ သူ (၇)ဦး + ဒေါ်မေဝင်းမြင့် တို့သည် NLD ပါတီအဖွဲ့ဝင်အဖြစ်က အလိုအလျောက် ပျက်ပြယ်ပြီးသား ဖြစ်နေသူများသာဖြစ်သည်။ ထို့အတူ NLD ပါတီ၏ မူဝါဒများကို ဆန့်ကျင်ပြီး လုပ်ဆောင်နေကြသူများ၊ အခြားအဖွဲ့အစည်းများတွင် ဝင်ရောက်သွားကြသည့် NLD အဖွဲ့ဝင်တိုင်းသည်လည်း NLD ပါတီဝင် မဟုတ်ကြတော့ဘဲ NLD ပါတီဝင်အဖြစ်က အလိုအလျောက် ပျက်ပြယ်သွားသည်ဆိုသည်ကို NLD ပါတီစည်းကမ်းထိန်းသိမ်းရေး လုပ်ထုံးလုပ်နည်းများတွင် အတိအလင်း ဖော်ပြထားသည်။ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ငြိမ်းချမ်းစွာဖြင့် အသွင်ကူးပြောင်းရေးနှင့် အထွေထွေ သဟဇာတဖြစ်ရေးဆိုသည့် အဓိကကျသော မူဝါဒများကို အခြေခံပြီး NLD ပါတီကို ဖွဲ့စည်းတည်ထောင်ခဲ့ကာ ယနေ့အထိလည်း NLD ပါတီနှင့် ပါတီခေါင်းဆောင်များက ထိုအခြေခံအချက်များကို မူဝါဒအဖြစ် အမြဲတမ်းဆုပ်ကိုင်ထားကြသည်ဟုလည်း ဦးတိုးလွင်က ဖွင့်ဟသည်။
“ကျွန်တော်လည်း အဲဒီလို အကြမ်းမဖက် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးနဲ့ အထွေထွေသဟဇာတဖြစ်ရေး မူဝါဒတွေကို ကြိုက်လွန်းလို့ NLD ပါတီကို ဝင်ရောက်ခဲ့တယ်။ အဲဒီလို မူဝါဒတွေအတိုင်းပဲ ရပ်တည်ဆုပ်ကိုင်လာခဲ့တာ နှစ်ပေါင်း ၃၅ နှစ်နီးပါး ရှိပါပြီ။ NLD ပါတီရဲ့ အကြမ်းမဖက်ရပ်တည်မှု ကျွန်တော့်ရဲ့ အကြမ်းမဖက် နိုင်ငံရေးနည်းလမ်း ရပ်တည်မှုတွေကို ဘယ်လူစားမျိုး ဘယ်အဖွဲ့အစည်းမျိုးကမှ လာပြီး ပြောင်းလဲပစ်လို့ မရနိုင်ဘူးဆိုတာ သဘောပေါက်ပါ။ NLD ဗဟိုအလုပ်မှုဆောင်အဖွဲ့ အစည်းအဝေးကို မကျင်းပနိုင်ဘဲနဲ့ NLD ဗဟိုကော်မတီ အစည်းအဝေးကို မကျင်းပနိုင်ဘဲနဲ့ So-called NLD CWC ကနေ ကျွန်တော်တို့ကို ထုတ်ပယ်လို့ မရပါဘူး။ ပြည်ပအခြေစိုက် တရားမဝင်တဲ့ So-called NLD CWC အဖွဲ့ကနေ ပါတီရဲ့ အမြင့်ဆုံးတာဝန်ရှိသူတွေဖြစ်တဲ့ တရားဝင်တည်ရှိနေကြတဲ့ ဗဟိုကော်မတီအဖွဲ့ဝင်တွေကို ထုတ်ပယ်လို့ လုံးဝမရပါဘူး။ အဲဒီလို ထုတ်ပယ်လို့ ရတယ်ဆိုတာလည်း NLD ပါတီရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ လုပ်ထုံးလုပ်နည်းတွေမှာ လုံးဝမရှိပါဘူး။ အဲဒီလို ထုတ်ပယ်တယ်ဆိုပြီး NLD Facebook Page ကို ခိုးသုံးနေကြပြီး လုပ်နေကြတဲ့ So-called NLD CWC အဖွဲ့ထဲ ပါဝင်နေသူ (၈)ဦးစလုံးဟာ ရူးနေကြလို့ပဲ ဖြစ်မှာပါ။ နိုင်ငံရေး ကျပ်မပြည့်နေကြသူများသာ ဖြစ်ပါတယ်။ တစ်ချိန်ကျရင် အဲဒီလူတွေဟာ နိုင်ငံရေး သမိုင်းတရားခံတွေ ဖြစ်မယ့်သူတွေပါ” ဟု ဦးတိုးလွင်က ဆက်လက်ပြောသည်။
လက်ရှိ မြန်မာပြည်အတွင်း တရားဝင် NLD CEC အဖွဲ့ဝင်များဖြစ်ကြသည့် ဦးဟန်သာမြင့်၊ ဦးသိန်းဦး၊ ဒေါက်တာမျိုးညွန့်၊ ဒေါက်တာတင်မျိုးဝင်း၊ ဦးအောင်စိုး၊ ဒေါ်ခင်ဌေးကြွယ်တို့ စုစုပေါင်း (၆)ဦး အပြင်ဘက်တွင် လွတ်လပ်စွာရှိနေကြသည်။ ထိုသူ ၆ ဦးစလုံးကို မီဒီယာများအနေနှင့် ဆက်သွယ်မေးမြန်းကြည့်နိုင်ပြီး လက်ရှိ So-called NLD CWC (NLD ပါတီဗဟိုအလုပ်ကော်မတီ။ အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်၊ ဦးတင်ထွဋ်ဦး၊ ဒေါက်တာခင်ဆောင်၊ ဦးထွန်းမြင့်၊ ဦးကျော်ထွေး၊ ဦးမျိုးနိုင်၊ ဦးဝင်းအောင်) ဖွဲ့စည်းထားမှုမှာ တရားဝင်သလား၊ သူတို့ NLD CEC (၆)ဦးစလုံးကပါ ဦးအောင်ကြည်ညွန့်၏ NLD ပါတီဗဟိုအလုပ်ကော်မတီဖွဲ့စည်းမှုကို သဘောတူသလားဆိုတာ ပွင့်ပွင့်လင်းလင်း မေးလို့ရသော်လည်း ထိုသူများကို မီဒီယာများက လုံး၀မေးမြန်းမှုမရှိသည်မှာထူးဆန်းနေကြောင်းနှင့် ကျင့်ဝတ်သိက္ခာရှိကြသည့် မီဒီယာများကို ဦးအောင်ကြည်ညွန့်တို့၏ NLD ဗဟိုအလုပ်ကော်မတီ တရားဝင်၊ မဝင် မေးမြန်းပေးစေကြောင်းလည်း ဦးတိုးလွင်က တောင်းဆိုပြီး ကျင့်ဝတ်သိက္ခာမဲ့ကြလွန်းသည့် မီဒီယာအချို့ကိုမူ စကားထဲပင် ထည့်ပြောချင်စိတ်မရှိကြောင်းလည်း ဦးတိုးလွင်က ဖွင့်ဟသည်။
“ ဦးအောင်ကြည်ညွန့်နဲ့ ကျော်ထွေးတို့ ဦးဆောင်နေတဲ့ So-called NLD CWC က ပြောနေတဲ့ ဖော်ပြနေကြတဲ့ NLD ပါတီရဲ့ အပတ်စဉ်ပုံမှန်အစည်းအဝေးပွဲဆိုတာတွေ၊ အဲဒီ အစည်းအဝေးပွဲကို တတ်ရောက်နေကြတဲ့ တိုင်းနှင့်ပြည်နယ် အလုပ်အမှုဆောင်တွေ၊ ဗဟိုရေးရာကော်မတီအဖွဲ့ဝင်တွေဟာလည်း NLD ပါတီရဲ့ တာဝန်ရှိကြတဲ့သူတွေ မဟုတ်ကြပဲ တိုင်းပြည်ပြည်ပ (မဲဆောက်၊ ချင်းမိုင်၊ အမေရိကား) ရောက်နေကြသူများသာ ဖြစ်ကြတာပါ။ မြန်မာပြည်ထဲမှာ ရှိနေကြတဲ့ တာဝန်ရှိသူတွေဟာ အဲဒီလို သူတို့အစည်းအဝေးကို တတ်ရောက်ဖို့မပြောနဲ့ အားလုံးနီးပါး ရှောင်တိမ်းနေရတယ်၊ အဖမ်းခံနေရတယ်၊ ထောင်ချခံနေရတာပါ။ တိုင်းနဲ့ပြည်နယ် အလုပ်အမှုဆောင်အဖွဲ့ တာဝန်ရှိကြတဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှုး အများစုဟာ ထောင်ကျနေသူတွေများပါတယ်။ သူတို့အစည်းအဝေးတွေကို တတ်ရောက်နေတယ် တိုင်းနှင့်ပြည်နယ် တာဝန်ရှိသူများဆိုတာကလည်း အဖွဲ့ဝင် ရိုးရိုးသာသာပါပဲ။ အဲဒါကို စကားလုံးအကြီးကြီးတွေ သုံးပြီး NLD ပါတီအဖွဲ့ဝင်တွေကို လိမ်လည်လှည့်ဖြား နိုင်ငံရေးယုတ်မာမှုတွေ လုပ်ဆောင်နေကြတာ ဒီနေ့အထိပါပဲ” ဟု ဦးတိုးလွင်က ဦးအောင်ကြည်ညွန့်တို့၏ နိုင်ငံရေးယုတ်မာမှုကို ဖော်ထုတ်သည်။
ထို့ပြင် လာမည့်ရက်များတွင်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှစပြီး NLD ပါတီတွင် ဖြစ်ပျက်ခဲ့သမျှကို အပိုင်းလိုက် စတင်ရေးသားမည်ဖြစ်ပြီး ထိုသို့ ရေးသားရမှုမှာလည်း ဦးတိုးလွင်ဘက်က စတင်ခြင်းမဟုတ်ဘဲ နိုင်ငံရေးကျင့်ဝတ်သိက္ခာမဲ့ကြသည့် တိုင်းပြည်ပြင်ပ ရောက်နေကြသော NLD အဖွဲ့ဝင်ဟောင်းတွေက စတင်စိန်ခေါ်လိုက်သည့် ဇာတ်လမ်းဖြစ် ကြောင်းနှင့် ထိုသို့ ဖွင့်ချမည့်ကိစ္စများမှာ တစ်ချိန်တွင် သမိုင်းက အဖြေပေးမည်ဟုလည်း ဦးတိုးလွင်က ဖြေရှင်းထားသည်။