၄. ၃. ၂၀၂၃
Written by Pan Ei
ထူးထူးဆန်းဆန်းဖြစ်ရပ်တစ်ခုအနေနဲ့ အိန္ဒိယနိုင်ငံ၊ ဘီဟာပြည်နယ်၊ ခါဂါရီယာခရိုင်မှာ အမျိုးသားတစ်ဦးဟာ မိန်းမဖြစ်သူက တခြားယောက်ျားတစ်ဦးနဲ့ လက်ထပ်ကာ လိုက်ပြေးသွားတာကြောင့် လက်စားချေတဲ့အနေနဲ့ အဲဒီယောက်ကျားရဲ့ မိန်းမကို လက်ထပ်ခဲ့တယ်လို့ အန်ဒီတီဗွီ က မတ်လ ၃ ရက်က ဖော်ပြခဲ့ပါတယ်။
၂၀၀၉ ခုနှစ်တုန်းက နီရတ်လို့ခေါ်တဲ့ အမျိုးသားနဲ့ ရူဘီဒီဗီလို့ အမည်ရတဲ့ အမျိုးသမီးတို့ဟာ လက်ထပ်ထိမ်းမြားခဲ့ကြပြီး သားသမီးလေးဦး ထွန်းကားခဲ့ကြပါတယ်။ ဒါပေမဲ့ လက်ထပ်ပြီး နှစ်အနည်းငယ်ကြာတဲ့နောက်မှာ ရူဘီဒီဗီက မူကက်ရှ် လို့ခေါ်တဲ့ အိမ်ထောင်သည်အမျိုးသားနဲ့ ဖောက်ပြန်ခဲ့ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ ထိမ်းမြားခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒါကို မကျေနပ်တဲ့ ရူဘီဒီဗီရဲ့ အမျိုးသားဟောင်းဖြစ်တဲ့ နီရတ်ဟာ မူကက်ရှ်ကို ရဲတပ်ဖွဲ့ထံ တိုင်ကြားတာတွေလည်း လုပ်ခဲ့ပါတယ်။ မူကက်ရှ်ဟာလည်း ကလေးနှစ်ယောက်အဖေဖြစ်ပြီး တိုက်ဆိုင်စွာနဲ့ သူ့ ဇနီးသည်ဟောင်းရဲ့ အမည်ကလည်း ရူဗီပဲ ဖြစ်နေခဲ့ပါတယ်။
နောက်ဆုံးမှာတော့ လက်စားချေတဲ့အနေနဲ့ မူကက်ရှ်ရဲ့ ဇနီးသည်ဟောင်း ရူဗီနဲ့ နီရတ်တို့ လက်ထပ်ဖိုဆုံးဖြတ်ခဲ့ကာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ သူတို့နှစ်ဦးဟာ လက်ထပ်ခဲ့ကြပါတယ်။
အခုလိုမျိုး ထူးထူးခြားခြားလက်ထပ်ထိမ်းမြားတဲ့သတင်းကို အိန္ဒိယနိုင်ငံအတွင်းမှာ လူပြောများလျက်ရှိနေပြီး အွန်လိုင်းအသုံးပြုသူတစ်ဦးက ” အိမ်ထောင်သည်တွေကသာ တစ်ယောက်ပြီးတစ်ယောက် ထပ်ယူနေကြတာ၊ ငါကတော့ တစ်ကိုယ်တည်း ဖြစ်နေတုန်းပဲ” လို့ မှတ်ချက်ပြုခဲ့ပြီး၊ အခြားတစ်ဦးကလည်း “လုပ်ရပ်တိုင်းအတွက် ပြန်လည်သက်ရောက်မှုရှိတယ်ဆိုတာကို အခုခေတ်မှာ သက်သေပြလိုက်တာပဲ” လို့ မှတ်ချက်ပြုခဲ့ပါတယ်။
အခြားသော မှတ်ချက်ပြုသူအများစုကတော့ ” သူတို့ရဲ့ ကလေးတွေကတော့ အရမ်းစိတ်ရှုပ်ရမှာပဲ” လို့ ရေးသားခဲ့ကြပါတယ်။
Ref; NDTV