၄.၃.၂၀၂၃
Translated by Htwe Ko Tun
အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာတွင် နိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ ပါတာမီနာ၏ လောင်စာဆီသိုလှောင်စခန်းတစ်ခု၌ မတ်လ ၃ ရက် ည ၈ နာရီက စတင်မီးလောင်ခဲ့ရာ အနည်းဆုံး ၁၇ ဦး သေဆုံးခဲ့ကြောင်း မြို့တော်၏မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြို့တော် မြောက်ဘက် ပလန်ပန် နယ်မြေအတွင်း လောင်ကျွမ်းခဲ့သော အဆိုပါမီးက အင်အားကြီးမားပြင်းထန်ကာ မီးသတ်ကား ၅၁ စီးစေလွှတ်ငြှိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့က ဆက်လက်ပြောကြားခဲ့သည်။
မီးသတ်တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကလည်း သေဆုံးသူများအနက် နှစ်ဦးမှာကလေးများဖြစ်ကြောင်း၊ မီးကြောင့် ကလေးတစ်ဦးအပါအဝင် လူ ၅၀ ဦးဒဏ်ရာရခဲ့ကြောင်း ပြောကြားခဲ့သည်။ ဒဏ်ရာရသူအများစုမှာ မီးလောင်ဒဏ်ရာများရခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့အားဆေးကုသရန် ကုန်ကျစရိတ်ကို အစိုးရက စိုက်ထုတ်ပေးမည်ဖြစ်ကြောင်း ဂျာကာတာမြို့၏ ယာယီမြို့တော်ဝန် ဟီရူး ဘူဒီ ဟာတိုနို က ပြောခဲ့သည်။
မီးလောင်ကျွမ်းမှုက အိမ်အချို့ကိုပါ ကူးစက်လောင်ကျွမ်းခဲ့ရာ လူဦးရေထူထပ်သော အနီးအနားဒေသများအတွင်း နေထိုင်သောသူများအားလုံး စိုးရိမ်ထိတ်လန့်ကာ အချို့ပြည်သူများမှာ မိမိတို့ပစ္စည်းများယူ၍ နေအိမ်များမှ ထွက်ပြေးကြရသည်ကို ရုပ်မြင်သံကြားထုတ်လွှင့်မှုများတွင် တွေ့ကြရသည်။
ပါတာမီနာ ကုမ္ပဏီ က ကြေညာချက်တစ်ခုတွင် မီးလောင်ကျွမ်းမှု၏ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ပြောခဲ့သည်။ ထို့ပြင် ကုမ္ပဏီက ဂျာကာတာမြို့အတွက် လိုအပ်သော လောင်စာဆီအထောက်အပံ့ကိုလည်း အခြားနေရာများမှ ပြောင်းလွှဲရယူထားနိုင်၍ လုံခြုံစိတ်ချရမှုရှိပါကြောင်း ပြောခဲ့သည်။ လောင်စာသိုလှောင်စခန်းက လောင်စာ ကီလိုလီတာ ၃၀၀,၀၀၀ ကျော် သိုလှောင်နိုင်စွမ်းရှိသည်။
Ref—-Jakarta Post