၄. ၃. ၂၀၂၃
Written by Hey Mar
မြန်မာ့ရိုးရာလက်ဝှေ့၊ မြန်မာပြည်ချန်ပီယံဟောင်းဖြစ်သူ ရွှေဓူဝံသည် ယနေ့ မတ်လ ၄ ရက် နံနက် ၅ နာရီခွဲက ဖြစ်ပွားသည့် ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ်တွင် ယာဥ်တိမ်းမှောက်သည့် ဒို့ညီနောင်ခရီးသည်တင်ယာဥ်တိမ်းမှောက်မှုဖြစ်စဥ်တွင် ကွယ်လွန်သွားကြောင်း သိရသည်။
နေပြည်တော်ဘက်မှ ရန်ကုန်သို့ မောင်းနှင်လာသော ဒို့ညီနောင်အမြန်ယာဥ်သည် မိုင်တိုင် ၁၆၇/၄ နှင့် ၁၆၇/၅ မိုင်တိုင်ကြားတွင် အရှိန်မထိမ်းနိုင်ဘဲ လမ်းလယ်အတားအဆီးကို တိုက်ပြီး တိမ်းမှောက်ရာ သေဆုံးသည့်အမျိုးသားခရီးသည်သုံးဦးတွင် ရွှေဓူဝံပါဝင်ကွယ်လွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယနေ့နံနက်တွင် ဖြစ်ပွားသည့် အမြန်လမ်းယာဥ်တိမ်းမှောက်မှုတွင် ယာဥ်ပေါ်ပါ ခရီးသည် ၃၁ ဦးအနက် အမျိုးသား ၃ ဦး သေဆုံးခဲ့ပြီး၊ အမျိုးသမီး ၉ ဦး အမျိုးသား ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်တွင် အမျိုးသား ၃ ဦးမှာ အနီရောင်အဆင့် ဒဏ်ရာပြင်းထန်သည်ဟု သိရသည်။ ကျန် အမျိုးသား၂ ဦးနှင့် အမျိုးသမီးတစ်မှာ ထိခိုက်မှုမရှိဟု သိရသည်။
ရွှေဓူဝံသည် ၁၉၉၆ ခုနှစ်က ၇၅ ကီလို မစ်ဒယ်ဝိတ်တန်း ရွှေခါးပတ်ချန်ပီဟောင်းတစ်ဦးလည်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၅၁ နှစ်ရှိပြီဟု သိရသည်။