MT News
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီး ဆာမွတ် ပရာခန်ပြည်နယ်တွင် ဇိမ်ခံအိမ်ယာတည်ဆောက်မှုစီမံကိန်းတစ်ခုက စွန့်ပစ်ရေဆိုးများ ၎င်း၏မြေကွက်အတွင်းဝင်ရောက်ကာ ရေဖုံးလွှမ်းမှုဖြစ်ပေါ်၍ များစွာ စိတ်အနှောင့်အယှက်ဖြစ်မိရသည်ဆိုသော ထိုင်းအမျိုးသမီးတစ်ဦးက ၎င်း၏ အမျိုးသမီးအတွင်းခံဘောင်းဘီနှင့် ဖိနပ်အစုံ ၃၀ ကို လမ်းပေါ်ရှိ ဓာတ်ကြိုးတွင် ချိတ်ဆွဲကာ အဆိုပါ အိမ်ယာတည်ဆောက်မှုစီမံကိန်းကို ဆန္ဒပြခဲ့ကြောင်း သိရသည်။
စွန့်ပစ်ရေဆိုးများ ခြံဝင်းအတွင်းဖုံးလွှမ်းခံရ၍ စိတ်ဆိုးနေသော ထိုင်းအမျိုးသမီးက ထိုသို့ အတွင်းခံဘောင်းဘီနှင့်ဖိနပ်များ ဓာတ်ကြိုးတွင် ချိတ်ဆွဲဆန္ဒပြထားမှုအား ဗီဒီယိုရိုက်ကာ TikTok လူမှုမီဒီယာရှိ ၎င်း၏စာမျက်နှာတွင်လည်း တင်ခဲ့သည်။ ဆမ်ပုံ အမည်ရှိ ထိုထိုင်းအမျိုးသမီးက အသက် ၆၃ နှစ်ရှိပြီဟုသိရကာ အဆိုပါအတွင်းခံဘောင်းဘီနှင့်ဖိနပ်များကို ၎င်းကိုယ်တိုင်ချိတ်ဆွဲခဲ့ခြင်းဟု ပြောခဲ့သည်။ သို့သော် ထိုသို့ပြုလုပ်ခြင်း၏ ရည်ရွယ်ချက်ကိုကား မည်သူမျှမသိကြချေ။
ထိုင်းအမျိုးသမီး ဆမ်ပုံက ထိုင်းနိုင်ငံရုပ်သံလွှင့်ဌာန Channel 7 နှင့် မတ်လ ၂ ရက်က တွေ့ဆုံမေးမြန်းခဲ့ရာတွင် ၎င်းအနေဖြင့် ဇိမ်ခံအိမ်ယာတည်ဆောက်မှုစီမံကိန်းကို ဆန့်ကျင်သောအားဖြင့် ဤသို့ပြုလုပ်ဆန္ဒပြခြင်းဖြစ်ကြောင်း၊ ဤစီမံကိန်း စတင်ဆောက်လုပ်ကတည်းက ဆူညံသောအသံများကြောင့် ညတွင်လည်းအိပ်မပျော်ကြောင်း၊ ယခုအခါ စွန့်ပစ်ရေဆိုးများ ၎င်း၏မြေကွက်အတွင်းလွှမ်းမိုး၍ အပင်များစိုက်မရဖြစ်ကာ မွေးမြူထားသော ငါးများအားလုံးလည်းသေကုန်ကြောင်း၊ ထို့ကြောင့် ထိုစီမံကိန်းအားအလွန်မုန်းတီးကြောင်း ပြောခဲ့သည်။
ဆမ်ပုံက မိမိနှင့်ညှိနှိုင်းရန် စီမံကိန်းမှ အရာရှိများလာခဲ့ကြောင်း၊ သို့သော်ပြဿနာများကို နားထောင်သွားသော်လည်း မည်သို့မှဆောင်ရွက်မပေးကြောင်း ပြောခဲ့သည်။ စီမံကိန်း၏ဆောက်လုပ်ရေးတာဝန်ခံကမူ ၎င်းအား ဤရာထူးကို ခန့်အပ်တာဝန်ပေးထားခြင်းဖြစ်ပြီး ပြဿနာကိုမသိကြောင်း ပြောခဲ့သည်။ ၎င်းက စီမံကိန်းတာဝန်ခံနှင့်ဆက်သွယ်ကာ ပြဿနာကိုဖြေရှင်းပေးရန်လည်းအာမမခံဟု သိရသည်။
Ref—–The Thaiger