၇. ၁၀. ၂၀၂၂
Written by Naing Thuta
မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်းမှ လူတစ်ဦးလျှင် မီးလင်းရွှေ ၁၀ ကျပ်သားစီ ၇ ပိဿာအား တစ်ကျပ်သားကို ကျပ် ၂၅၄၀၀၀၀ ဖြင့် အောက်တိုဘာ ၇ ရက် နေ့လည် ၂ နာရီမှ စတင်ရောင်းချပေးခဲ့ပြီး လူ ၇၀ ဦးအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
“လူတစ်ဦးကို တစ်ဆယ်သားစီရောင်းချပေးမှာဖြစ်ပြီး တစ်ကျပ်သားကို ၂၅၄၀၀၀၀ နဲ့ ရောင်းပေးမှာပါ။ မန္တလေးမြို့ပေါ်မှာ ရောင်းချပေးနေတဲ့ တံဆိပ်မျိုးစုံပါပါတယ်။ အကယ်ဒမီတံဆိပ်တော့ မပါပါဘူး။ အခုလိုရောင်းပေးရတာကလည်း အပြင်စျေးထက် အနည်းငယ် သက်သာမယ်။ မတည်ငြိမ်နေတဲ့ ရွှေစျေးကိုလည်း တည်ငြိမ်လာအောင် ရည်ရွယ်ပြီး ရောင်းပေးသွားတာပါ” ဟု မန္တလေးတိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်အသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယခုကဲ့သို့ ရောင်းချမှုသည် ပထမဆုံးရောင်းချမှုဖြစ်ပြီး လူတစ်ဦးကို မှတ်ပုံတင်ဖြင့် ဖောင်ဖြည့်ကာ စာရင်းကောက်ခံပြီးမှ အလှည့်ကျတန်းစီကာ ဝယ်ယူရကြောင်းနှင့် သတ်မှတ်ဦးရေပြည့်သွားသောကြောင့် ဝယ်ယူသူများစွာ ပြန်သွားရသဖြင့် နောင်တွင်လည်း ယခုလို မကြာခဏပြန်လည်ရောင်းချပေးသွားရန် အစီစဉ်ရှိကြောင်း မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်အသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“မနက် ၈ နာရီလောက်ကတည်းက လာတန်းစီစောင့်နေတာပါ။ အခုလို ပြင်ပစျေးနှုန်းထက် သက်သာအောင်ရောင်းချပေးတော့ အဆင်ပြေတာပေါ့။ နောင်လည်း ခဏခဏရောင်းပေးနိုင်ရင် ပိုကောင်းတာပေါ့။ အမှန်ဆို ရွှေစျေးအရမ်းတက်နေတဲ့အချိန်မှာ အခုလို ရောင်းပေးခဲ့ရင် ပိုကောင်းခဲ့မှာ” ဟု ရွှေလာဝယ်ယူသူတစ်ဦးက ပြောသည်။
ပြည်တွင်းစျေးကွက်တွင်မူ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၆ သိန်းခန့် ရှိနေသောကြောင့် ယခုကဲ့သို့ ရောင်းချပေးခဲ့သဖြင့် ကျပ် ၄၀၀၀၀၊ ၅၀၀၀၀ ဝန်းကျင်ခန့် သက်သာသွားကြောင်း သိရပြီး ယခုရောင်းချမှုတွင် မိမိယူချင်သည့် တံဆိပ်ကို ရွေးယူခွင့်မပြုဘဲ ၎င်းတို့ပေးသည့် တံဆိပ်ကိုသာ ဝယ်ယူရကြောင်းလည်း သိရှိရသည်။