October 23, 2024

Photo crd; A.M Star ခရီးသွားဝန်ဆောင်မှု လုပ်ငန်း

၃. ၃. ၂၀၂၃

Written by Hey Mar

နွေရာသီကျောင်းပိတ်ရက်ရှည်နှင့်အတူ ကမ်းခြေခရီးစဥ် သွားလာလည်ပတ်မှုတွေက မနှစ်ကထက် ယခုရာသီမှာ ပိုမိုများပြားနေကြောင်း ငွေဆောင်ကမ်းခြေအခြေစိုက် ငွေဆောင်မင်းသမီး အပန်းဖြေခရီးစဥ်ဝန်ဆောင်မှု လုပ်ငန်းမှ ကိုဇင်ဘို က MT News သို့ ပြောသည်။

ဧရာဝတီတိုင်း ပုသိမ်ခရိုင် ငပုတောမြို့နယ် မော်တင်စွန်းတွင် တည်ရှိသည့် မော်တင်စွန်းဘုရား၏ ပွဲတော်ကာလမှာလည်း တပေါင်းလဖြစ်ပြီး ယခုကာလအတွင်း မော်တင်စွန်းဘုရားဖူးခရီးသွားများအနေဖြင့် ဆက်စပ် ကမ်းခြေခရီးများပါ ဝင်ရောက်လည်ပတ်လျှက်ရှိသည်ဟု သိရသည်။ မော်တင်စွန်းမှအပြန် တစ်ညအိပ်ခရီးစဥ်နှင့် နေ့ခြင်းပြန်ခရီးသွားများ ပိုမိုများပြားနေကြောင်း A.M Star ခရီးသွားလုပ်ငန်းမှ တာဝန်ရှိသူ မဖြူဖွေးသန့်က သူတို့ ခရီးသွားအေဂျင်စီမှ စီစဥ်ပေးရသည့် ခရီးစဥ်များ၏ အခြေအနေကို ပြောသည်။

”ကမ်းခြေခရီးစဥ်တွေ စီစဥ်ရတာက အရင် ၂ နှစ်ကထက်စာရင် ပိုများလာပြီ။ စျေးနှုန်းတွေကလွဲရင် ခရီးသွားတွေပုံမှန်အခြေအနေလို့ ပြောလို့ရပါတယ်။ စျေးတွေကတော့ တက်နေတယ်။ အခုကာလက ရာသီချိန်လည်း ဖြစ်နေပြီ။ နောက်လမှာ သင်္ကြန်ကလည်း လာတော့မှာဆိုတော့ ကျွန်မတို့ ခရီးသွားအေဂျင်စီတွေအနေနဲ့ကြတော့ ကမ်းခြေဟိုတယ်တွေနဲ့ ညှိရတာပေါ့။ ခရီးစဥ်တွေ ကြိုတင်ရောင်းချရမှာမို့ အခုကာလထဲက ဘယ်ခရီးသွား Package ကိုဝယ်ရင် ဘယ်လို Promotion တွေရှိမယ်ဆိုတာမျိုးတွေ ကြိုစီစဥ်ထားသလို၊ မိသားစု၊ ရုံးသမားတွေကြတော့လည်း ဘယ်ရက် ဘယ်အချိန်၊ ဘတ်ဂျက် ဘယ်လောက်သုံးပြီး သွားချင်လို့ဆိုပြီး စီစဥ်ခိုင်းတာမျိုးတွေလည်း လုပ်နေရပါတယ်”ဟု မဖြူဖွေးသန့်က MT News သို့ ပြောသည်။

မတ်လအတွင်း ကမ်းခြေခရီးစဥ်စျေးနှုန်းများ ထူးထူးခြားခြားပြောင်းလဲခြင်း မရှိသော်လည်း ရှေ့လ ဧပရယ်လတွင် မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် ရှိသဖြင့် နှစ်စဥ်နှစ်တိုင်း ထိုအချိန်တွင် ကမ်းခြေတည်းခိုခန်းမှအစ ဟိုတယ်အဆုံး၊ ရပ်ရွာအတွင်း Home Stay နေအိမ်အငှားပါမကျန် အလုပ်ဖြစ်ကြသည်လည်းဖြစ်ရာ ဒေသခံတို့သည် ထိုကာလကို တစ်နှစ်ပတ်လုံးအတွက် အထူးအားထားကြရသည်။

ယခုနောက်ပိုင်းတွင် ပြည်တွင်းခရီးသွားအများစုက ရွှေသောင်ယံ ကမ်းခြေ၊ ဂေါ်ရင်ဂျီကျွန်း၊ ဂေါ်ရင်ဂျီကျွန်းနှင့် ဆက်စပ်လျှက် ကြွေချိုင်ကမ်းခြေများသို့ သွားလာမှု ပိုမိုပြီး၊ ငပလီခရီးစဥ်နှင့် မြိတ်၊ ထားဝယ် ခရီးစဥ်များမှာလည်း ယခင်ကထက် စျေးနှုန်းများ သင့်တင့်လာသဖြင့် လာမည့် သင်္ကြန်ကာလခရီးစဥ်များတွင် ပြည်တွင်းမှ စိတ်ဝင်စားမေးမြန်းမှုများ ပိုလာသည်ဟုလည်း သိရသည်။

“အရင်ကဆိုရင် ငပလီ ခရီးစဥ်၊ မြိတ်၊ ထားဝယ် ကမ်းခြေ ခရီးစဥ်တွေက စျေးတအားများတယ်။ တစ်ဦးကို ၁၅ သိန်း၊ သိန်း၂၀ လောက် နီးနီးကျတာ။ အဲဒီဘက်က ဟိုတယ်တွေက ဒေါ်လာနဲ့ ယူတာမို့။ အခုကျတော့ မြန်မာငွေနဲ့ ပေးချေတာလဲ လက်ခံတာတွေရှိလာတယ်။ အဲဒီဘက်က ရန်ကုန်ကနေ မြိတ်၊ တနင်္သာရီ ချိတ်ဆက်စီစဥ်ပေးတဲ့ ခရီးသွားအေဂျင်စီတွေလည်း များလာပြီ။ ဘာပဲဖြစ်ဖြစ် ကမ်းခြေ ခရီးစဥ်တွေက လုံခြုံစိတ်ချရမှုလည်းရှိတော့ အပန်းဖြေဖို့ ရွေးချယ်မှုတွေလည်း ကျွန်မတို့ အေဂျင်စီ အမြင်နဲ့ဆိုရင် များနေတယ်လို့ ပြောလို့ရပါတယ်”ဟု မဖြူဖွေးသန့်က ဆက်လက်ပြောသည်။

ကမ်းခြေခရီးစဥ် ပက်ကေ့ချ်များမှာ ချောင်းသာ၊ ငွေဆောင်၊ ရွှေသောင်ယံ ၂ ညအိပ် ၃ ရက်ခရီး အတွက် တည်းခိုရမည့် ဟိုတယ် 4-star ဆိုလျှင် တစ်ဦးကို ကျပ် ၁၈၀၀၀၀ မှ ၂၀၀၀၀၀ ဝန်းကျင်၊ 5-Star ဆိုလျှင် ကျပ် ၂၅၀၀၀၀ မှ ၂၈၀၀၀၀ ဝန်းကျင် ကျသင့်မည်ဟု သိရသည်။ ငပလီ ခရီးစဥ်များမှာလည်း သီးသန့်စင်းလုံးငှား လေယာဥ်များဖြင့် ရန်ကုန်- မန္တလေး -ငပလီ ၊ ဟဲဟိုး-ငပလီ စသဖြင့် စီစဥ်ထားပြီး ၂ ညအိပ် ၃ ရက်ခရီးကို တစ်ဦးလျှင် 4-star ဟိုတယ် တည်းခိုမည်ဆိုပါက ကျပ် ၅၅၀၀၀၀ နှင့် 5-star ဟိုတယ် တည်းခိုလျှင် ကျပ် ၆၅၀၀၀၀ စသဖြင့် နှုန်းထားများ ကျသင့်နိုင်ကြောင်း ခန့်မှန်းသိရှိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *