၃. ၃. ၂၀၂၃
Written by Nay Aung
ထိုင်းအစိုးရ၏ အထူးအဖွဲ့သည် ထိုင်းနိုင်ငံသား အလုပ်ရှင်၏ လုပ်ခလစာမပေးဘဲ အဓမ္မ အလုပ်ခိုင်းစေခြင်းခံနေရသော မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမား ၁၄ ဦးကို ပြီးခဲ့သောရက်ပိုင်းတွင် ပြန်ကယ်တင်နိုင်ခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ကန်ချာနာဘူရီပြည်နယ် ကန်မြို့ရှိ ကြံစိုက်ခင်းပိုင်ရှင်သည် မြန်မာအလုပ်သမား ၁၄ ဦးကို လုပ်ခလစာမပေးဘဲ အဓမ္မခိုင်းစေမှုများ လုပ်ဆောင်ခဲ့သလို အလုပ်ခန့်ချိန်က ရရှိထားသော သဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးခြင်းမရှိဘဲ ခိုင်းစေခဲ့ကြောင်း သိရသည်။
ထိုင်းအလုပ်ရှင်သည် မြန်မာနိုင်ငံသားများကို အလုပ်ခန့်ချိန်က ကြံစိုက်ခင်းအတွင်း ၁၀ စတုရန်းမီတာ ခုတ်ဖြတ်နိုင်မည်ဆိုလျှင် လုပ်ခအဖြစ်ဘတ် ၄ ဘတ်ပေးမည် သဘောတူညီခဲ့သော်လည်း လက်တွေ့တွင် ပေးချေခြင်းမျိုးမရှိခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံအခြေစိုက်လူအခွင့်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း HRDF Foundationသည် အလုပ်သမားများ၏တိုင်ကြားစာကို လက်ခံရရှိခဲ့ပြီးနောက် ထိုင်းနိုင်ငံအုပ်ချုပ်ရေး၊ ဥပဒေစိုးမိုးရေးနယ်မြေအေးချမ်းသာယာရေးနှင့်လုံခြုံရေးဌာနတာဝန်ရှိသူများ၊ ကန်ချနပူရီ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့မှတာဝန်ရှိသူများပူးပေါင်းပါဝင်သော အထူးအဖွဲ့နှင့်အတူ ကြံစိုက်ခင်းကို မတ်လ ၁ရက်နေ့တွင် ဝင်ရောက်စစ်ဆေးခဲ့ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို ကယ်တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကြံစိုက်ခင်းတွင် အဓမ္မခိုင်းစေခြင်းခံရသော မြန်မာအလုပ်သမား ၁၄ ဦးအနက် ၁၀ ဦးက အမျိုးသားများဖြစ်ပြီး ကျန် ၄ဦးက အမျိုးသမီးများဖြစ်ကြောင်း ထိုင်းအာဏာပိုင်များကပြောသည်။ မြန်မာလုပ်သမား ၁၄ဦးသည် လုပ်ခလစာ မရသလိုအထောက်အထားစာရွက်စာတမ်းများ သိမ်းဆည်းခံရခြင်း၊ အလုပ်ချိန်ကို သတ်မှတ်ထားသည့်အချိန်ထက်ကျော်လွန်၍ အလုပ်လုပ်ရခြင်း၊ ကိုယ်ထိလက်ရောက်ညှင်းပန်းနှိပ်စက်ခြင်း၊ သေနတ်သုံး၍ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာအောင်ခြိမ်းခြောက်ခံရခြင်းများ တွေ့ကြုံခဲ့ရကြောင်း သိရသည်။
ထိုင်းအထူးအဖွဲ့သည် ထိုင်းနိုင်ငံသား ပိုင်ဆိုင်သော Ban Kao မြို့ ကျေးရွာအမှတ် ၅ ရှိ အမှတ် ၂၂၃ အိမ်ကို ဝင်ရောက်စစ်ဆေးချိန်တွင် အလုပ်ရှင်ဖြစ်သူ ထိုင်းနိုင်ငံသား ထွက်ပြေးသွားခဲ့ပြီး ဖမ်းဆီးရမိခြင်းမရှိခဲ့ကြောင်း သိရသည်။
ref—— prachatai