MT News
Written by Nay Moe
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း နေပြည်တော်အပါအဝင် စစ်တိုင်းနှင့် စစ်ဒေသ (၃) ခုလုံးမှ PDF တပ်ရင်းများ၊ ပကဖများ၊ LDF များ လက်တွဲပါဝင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနှင့်တပြိုင်နက်တည်း ဟန်ချက်ညီစစ်ဆင်မှု အကြိမ် (၇၀) တိတိ ဖော်ဆောင်နိုင်ခဲ့သည်ဟု NUG ၏ ကာကွယ်ရေးဝန်ကြီးတာဝန်ယူထားသူ ဦးရည်မွန်က မတ်လ ၂ ရက်က ပြောသည်။
“တိုက်ပွဲဖော်ဆောင်ရာ ဒေသတွေက စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့နေပြည်တော်တို့ ဖြစ်တယ်။ တိုက်ပွဲပေါင်း ၇၀ အနက် ၆၅ ပွဲကိုတော့ ၂၄ နာရီအတွင်း တစ်ပြိုင်နက်တည်း ဟန်ချက်ညီ ဖော်ဆောင်နိုင်ခဲ့ကြတာ ဖြစ်တယ်။
ဒီစစ်ဆင်မှုရဲ့ ပစ်မှတ်တွေထဲမှာ ရန်သူ့လေတပ်စခန်း ၂ ခုနဲ့ ရဟတ်ယာဥ်ကွင်း ၁ ခု၊ ကပစစက်ရုံ ၃ ခု၊ တိုင်းစစ်ဌာနချုပ် ၁ ခုနဲ့ တပ်မဌာနချုပ် ၁ ခု၊ ရန်သူ့အထိုင်နဲ့နောက်တန်းစခန်း ၂၆ ခု၊ ရဲစခန်း ၉ ခု၊ ရန်သူ့စစ်ကြောင်း ၂ ခု၊ ပျုစောထီးစခန်း ၁၅ ခုတို့ ပါဝင်တယ်။ တိုင်းဒေသများနည်းတူ ပြည်နယ်တွေ မှာလည်း မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များနဲ့ PDF ရဲဘော်တွေ လက်တွဲပြီး မြို့ပြစစ်ဆင်မှု နဲ့စခန်းသိမ်းစစ်ဆင်မှုများ ဟန်ချက်ညီဆောင်ရွက်ခဲ့ကြတယ်ဆိုတာလည်း အသိပေးလိုတယ်” ဟု ဦးရည်မွန်က ဆိုသည်။
ထိုသို့ Coordinated Attacks ဖော်ဆောင်နိုင်ခြင်းမှာ PDF စစ်ရေးစွမ်းရည် နောက်တစ်ဆင့် တိုးတက်လာမှုကို ဖော်ပြသည့် ပြယုဂ်ဖြစ်သလို Chain of Command ပိုကောင်းအောင် တည်ဆောက်နိုင်မှုနှင့် လက်နက်တိုးမြှင့်တပ်ဆင်နိုင်မှု၏ ရလဒ်ဟုလည်း ဦးရည်မွန်က ဆိုသည်။
“ဒီလို ဟန်ချက်ညီ ဗျုဟာမြောက်စစ်ဆင်မှုကို ရှေ့မှာလည်း အရှိန်အဟုန်မြှင့်ပြီး ဆောင်ရွက်သွားဖို့ ရှိလိမ့်မယ်။ ငါတို့ရဲ့မဟာဗျုဟာက ကွက်ပြည့်နင်းတဲ့ဗျုဟာ ဖြစ်တယ်” ဟုလည်း ဦးရည်မွန်က ဆိုသည်။