MT News
Written by Min Mahar
မတ်လ ၂ ရက် နေ့လည်ပိုင်းက အသက် ၂၀ ဝန်းကျင်ခန့်ရှိ PDF အဖွဲ့ဝင်ဟောင်းတစ်ဦးအား MIA (Mandalay Independent Association) အဖွဲ့မှ သေနတ်ဖြင့်ပစ်သတ်သွားခဲ့ပြီး ယင်းနှင့်ပတ်သက်သူများအား ဆက်လက်ရှင်းလင်းမည်ဖြစ်ကြောင်း ၎င်းတို့၏ Telegram မှ ခြိမ်းခြောက်ပြောဆိုထားသည်။
ဖြစ်စဉ်မှာ မတ်လ ၂ ရက် မွန်းလွဲ ၁ နာရီခွဲကျော်က မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဒေါနဘွားရပ်ကွက်၊ မန္တလေးတောင်ခြေကုသိုလ်တော်ဘုရားအနီးရှိ ၆၂ လမ်း နှင့် ၁၀ လမ်းထောင့်တွင် အသက် ၂၀ ခန့်ရှိသော PDF အဖွဲ့ဝင်ဟောင်း အောင်မျိုးမြတ်ဆိုသူသည် ဆိုင်ကယ်တစ်စီးဖြင့် ၆၂ လမ်းအတိုင်း တောင်ဘက်မှ မြောက်ဘက်သို့ မောင်းနှင်လာစဉ် လာရာတူလမ်းအတိုင်းအနောက်မှ ဆိုင်ကယ်ဖြင့် လိုက်ပါလာသည့် အမည်မသိလူငယ်အမျိုးသားလူငယ် ၂ ဦးမှ သေနတ်ဖြင့် ပစ်ခတ်၍ ၁၀ လမ်းအတိုင်း အရှေ့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
အဆိုပါသေနတ်ဖြင့်ပစ်ခတ်သွားမှုကြောင့် အောင်မျိုးမြတ်မှာ ယာဘက်နားအောက် ဖောက်ဝင်သွားသော ဒဏ်ရာ ၁ ချက်ရရှိခဲ့ကာ အခင်းဖြစ်ပွားရာတွင် ပွဲချင်းပြီးသေဆုံးသွားသဖြင့် ၎င်းရုပ်အလောင်းအား ဒေသခံလူမှုကူညီရေးအသင်းမှမော်တော်ယာဉ်ဖြင့် မန္တ လေးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“ပစ်သတ်ခံရသူက အရင်က PDF ဟောင်းဖြစ်ပြီး စစ်တပ်ဆီ အလင်းဝင်လို့ အခုလို ရှင်းလင်းခံရတာဖြစ်တယ်လို့ သိရပါတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။
သေနတ်ဖြင့်ပစ်သတ်ခံရသူသည် ပုသိပ်ကြီးမြို့နယ်၊ မြို့မရပ်ကွက်၊ အောင်မင်္ဂလာရပ်နေ ရတနာပုံတက္ကသိုလ် ဒုတိယနှစ် ဥပဒေကျောင်းသားတစ်ဦးဖြစ်ပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ အခင်းအကျင်းဖြစ်ပြီးနောက် PDF အဖွဲ့သို့ ဝင်သွားရာမှ ၎င်းသည် ထွက်ပြေးတိမ်းရှောင်လာပြီး SAC အဖွဲ့ထံ လက်နက်ချအလင်းဝင်ရောက်ထားသူတစ်ဦးဖြစ်သည်။
ယင်းလုပ်ဆောင်မှုကို MIA (Mandalay Independent Association)အဖွဲ့ဝင်များက ပစ်သတ်ခြင်းဖြစ်သည်ဟု ၎င်းတို့ Telegram ချန်နယ်တွင်လည်း ပြောဆိုထားပြီး ပစ်သတ်ခံရသူမှာ ယခင်က PDF ဟောင်းဖြစ်ကာ လက်နက်နှင့်အတူ အလင်းဝင်သွားသည့်အပြင် ၎င်းတို့အဖွဲ့၏ ဒေတာအချက်အလက်များပါပေးခဲ့သောကြောင့် ယခုလို သတ်ဖြတ်ကြောင်းလည်း ဖော်ပြထားသည်။ ထို့ပြင် ၎င်းနှင့်ပတ်သက်သူများကိုပါ ရှင်းလင်းမည်ဟုလည်း ခြိမ်းခြောက်ထားသည်။