MT News
Written by Min Mahar
မြင်းခြံမြို့နယ်ရှိ ကန်ဆွယ်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးမှာ ယခင်က PDF အဖွဲ့ဝင်များထံ အမြဲရိက္ခာသွားပို့ပေးနေပြီး ယခုမပို့ပေးတော့သည့်အတွက် ၎င်းတို့အဖွဲ့က လာရောက်ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်သတ်သွားမှု မတ်လ ၂ ရက် မနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာနေထိုင်သည့် အသက် ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦးအား မတ်လ ၂ ရက်နေ့ နံနက် ၅ နာရီ ခန့်က ၎င်း၏ နေအိမ်တွင်ရှိနေစဉ် အမည်မသိအမျိုးသား ၅ ဦးက ဆိုင်ကယ် ၃ စီးဖြင့်ရောက်ရှိလာပြီး ခေါ်ဆောင်သွားသဖြင့် ကျေးရွာသူကျေးရွာသားများက သက်ဆိုင်ရာကို အကြောင်းကြားပြီး လိုက်လံရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေရာ မတ်လ ၂ ရက် နံနက် ၉ နာရီခန့်တွင် ၎င်းအား ညောင်ပင်ကျေးရွာနှင့် သင်ပြွန်းကျေးရွာသွား လမ်းဘေး၌ သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဦးခေါင်းငယ်ထိပ်ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသောကြောင့် ဒေသခံလူမှုကူညီရေးယာဉ်ဖြင့် မြင်းခြံခရိုင်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။
“အသတ်ခံရတဲ့သူက NLD ပါတီကိုထောက်ခံတဲ့ အမာခံတစ်ဦးဖြစ်ပြီး အရင်က PDF တွေကို ရိက္ခာတွေလည်း သွားပို့ပေးနေကြသူတစ်ဦးပါ။ ဒါပေမဲ့ အခုတော့ သွားမပို့ပေးတော့လို့ဆိုပြီး သူ့ကိုဖမ်းခေါ် ပစ်သတ်လိုက်ကြတာပါ” ဟု ရွာခံတစ်ဦးက MT News သို့ ပြောသည်။
ဖြစ်စဥ်သို့ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များသည်လည်း ရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့ကြောင်းနှင့် အခင်းဖြစ်နေရာအနီးမှ USA-380 Auto ကျည်ခွံ ၁ ခွံ သိမ်းဆည်းရမိခဲ့ကြောင်းလည်း ရဲတပ်ဖွဲ့နှင့်နီးစပ်သူထံမှ သိရသည်။