၂. ၃. ၂၀၂၃
Written by Thettant
NUG ၏ ထောက်ခံမှုဖြင့် ပြည်သူများစွာ၏ ရင်သွေးငယ်များကို ကျောင်းထားခဲ့ပြီး ပြည်သူများ၏ အလှူငွေဖြင့်လည်ပတ်ခဲ့သည့် FOEIM ပညာရေးကျောင်းမှာ ပြည်သူ့အလှူငွေကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် အလွဲသုံးစားပြုလုပ်ပြီးနောက် လုံခြုံရေးကျိုးပေါက်မှုပါ ထပ်ဆင့်ဖြစ်ပွားခဲ့ကာ လက်ရှိအချိန်တွင် အဆိုပါကျောင်းကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။
Free Online Educational Institution Myanmar- FOEIM သည် မတ်လ ၁ ရက်နေ့၊ ၂၀၂၃ မှ စတင်၍ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၏ လုံခြုံရေးကိုရှေးရှုကာ ကျောင်းအားပိတ်သိမ်းကြောင်း ကြေညာခဲ့ပြီး အဆင်မပြေမှုများဖြစ်ပေါ်ခဲ့သည့်အပေါ် အနူးအညွတ်တောင်းပန်ပါသည်ဟုလည်း အသိပေးထားသည်။
NUG လက်အောက်ခံ Free Online Education Institution Myanmar (FOEIM) Online ပညာရေးစာသင်ကျောင်းတွင် နှစ်စဉ်ကျောင်းဝင်ကြေးအဖြစ် မူ/လယ်/ထက် ၁ ဦးလျှင် ထိုင်း ဘတ်ငွေ ၁၀၀၀/ ၂၀၀၀/ ၃၀၀၀ ကောက်ခံခဲ့ပြီး ကျောင်းသား/သူ နှစ်သောင်းခန့် ကျောင်းအပ်နှံခဲ့ကြောင်းနှင့် NUG အသိအမှတ်ပြု ကျောင်း ၆၂ ခု ခွင့်ပြုထားသည်ဟု ထုတ်ပြန်ကြေညာထားသော်လည်း ကျောင်း ၃ ခုခန့်သာ ဖွင့်လှစ်သင်ကြားသည့် အထောက်အထားများ ဖော်ထုတ်တွေ့ရှိရထားသည်။ အဆိုပါ Online စာသင်ကျောင်းများ၏ ထောက်ခံချက်ဖြင့်လည်း တက္ကသိုလ်၊ ကောလိပ်ကျောင်းများတွင် ဝင်ခွင့်ဖြေဆိုတက်ရောက်နိုင်မှုမရှိဘဲ အချိန်ကုန်ငွေကုန်မည့်အပြင် အကြမ်းဖက်အဖွဲ့အစည်းမှ တည်ထောင်ဖွင့်လှစ်ထားသည့် FOEIM ကဲ့သို့ Online စာသင်ကျောင်းများတွင် ကလေးများအား ကျောင်းအပ်နှံပါက ငွေကြေးလိမ်လည်မှုကြောင့် ငွေကြေးဆုံးရှုံးသည်သာမက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရပါ အရေးယူခံရမည်ဖြစ်သည်ဟု SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း အသိပေးထားသည်။
ထို့ပြင် FOEIM တွင် ကျောင်းအပ်နှံခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၅၀၀ ၏ ကိုယ်ရေးအချက်အလက်များ ပေါက်ကြားခဲ့သကဲ့သို့ FOEIM ၏ သင်ကြားရေးနှင့် ကျောင်းသားလက်ခံရေး(ရုံးအဖွဲ့)တို့မှ ငွေကြေးလိမ်လည်သူ ၅ ဦး ဖော်ထုတ်ရရှိခဲ့သဖြင့် တရားဥပဒေအရ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်ဟုလည်း SAC ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထားသည်။
“NUG က ထောက်ခံလို့ သူတို့ကိုယုံလို့ FOEIM မှာ ကျွန်မသားကိုကျောင်းအပ်ခဲ့တာ။ သူတို့ကောက်ခံတဲ့ ပိုက်ဆံတွေပေးခဲ့တဲ့အပြင် NUG ကိုယုံလို့ အလှူငွေတွေပါ FOEIM ကို ထည့်ပေးခဲ့တာ။ အခုကျတော့ ကျွန်မတို့အလှုငွေသိန်း ၃၀၀၀၀ ကျော်လည်း အလွဲသုံးစားလုပ်တယ်။ NUG ကလည်း တာဝန်မယူဘူး။ ပိုဆိုးတာက ကျောင်းသားစာရင်းတွေ ပေါက်ကြားကုန်လို့ ဘယ်နေ့အဖမ်းခံရမလဲဆိုတာ လန့်နေရတယ်။ အခုလည်း အိမ်မှာမနေရဲဘဲ ရှောင်နေရတာပါ” ဟု NUG ကို ယုံကြည်၍ FOEIM တွင် ကျောင်းအပ်ခဲ့သည့် မိဘတစ်ဦးက MT News သို့ ပြောသည်။
နွေဦးတော်လှန်ရေးဟုဆိုကာ CDM ပြုလုပ်ကြသော ကျောင်းသားများနှင့် ဆရာများအတွက် ပြည်သူ့အလှူငွေဖြင့် ကျောင်းပေါင်းများစွာထူထောင်ခဲ့သည့်အနက် တစ်ကျောင်းအပါအဝင်ဖြစ်သည့် FOEIM (Free Online Educational Institution Myanmar) တည်ထောင်သူ ကိုခန့်သူက ပြည်သူ့အလှုငွေ ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် ကိုယ်ကျိုးသုံးအလွဲသုံးစားပြုလုပ်မှု ပေါ်လွင်သော်လည်း NUG ၏ ပညာရေးဝန်ကြီးဌာနက ထိရောက်စွာအရေးမယူနိုင်သည့်အပေါ် ငွေကြေးလှူဒါန်းသူပြည်သူများက ဝေဖန်နေကြသည်။
ကိုခန့်သူ၏ ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် ကိုယ်ကျိုးရှာ အလွဲသုံးစားပြုသည့်ဖြစ်စဥ်အပေါ် တိုင်ကြားမှုကြောင့် NUG – MOE က ကြားနာစုံစမ်းရေးအဖွဲ့ ဖွဲ့ကာ စစ်ဆေးချိန်တွင် ကိုခန့်သူမှာ ပြည်သူ့အလှူငွေများကို တစ်ဦးတည်းကိုင်တွယ်သုံးစွဲကာ ကိုယ်ကျိုးရှာမှုများလည်းပြုလုပ်ခဲ့သည်ဟု ကြားနာစုံစမ်းရေးအဖွဲ့က တွေ့ရှိခဲ့သည်။ ထိုသို့တွေ့ရှိသော်လည်း ထိရောက်စွာအရေးယူမည့်အစီအစဥ် မပါဝင်မှုအပေါ် ငွေကြေးလှူဒါန်းသူပြည်သူများက NUG-MOE ကို မေးခွန်းထုတ်လာကြခြင်းဖြစ်သည်။
CRPH ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၏ သမီး မရည်မွန်သန့်၏ အမျိုးသား ကိုအောင်မြတ်သူက LPDF များအပါအဝင် အပြစ်မဲ့ပြည်သူ လူပေါင်း ၂၀ ကျော် သတ်ဖြတ်ခဲ့သည့် NUG ဩဇာခံ ယင်းမာပင် PDF အဖွဲ့ခေါင်းဆောင် ဗိုလ်သံမဏိ၏ ကိုယ်ရေးအရာရှိ(လက်ထောက်)အဖြစ် ပတ်သက်နေသဖြင့် ဗိုလ်သံမဏိအဖွဲ့၏ တရားလက်လွတ်သတ်ဖြတ်မှုကို NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနက ထိရောက်စွာအရေးမယူနိုင်သကဲ့သို့ ယခုအချိန်တွင် ပြည်သူ့အလှူငွေကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော်ကို အလွဲသုံးစားပြုကိုယ်ကျိုးရှာမှုဖြင့် တိုင်ကြားခံရသည့် ကိုခန့်သူမှာလည်း နွေဦးဆရာအတတ်သင်တက္ကသိုလ်အဓိပတိ ဒေါက်တာသိန်းလွင်၊ ဦးကျော်မိုးထွန်း၊ ဒေါ်ဂျာထွယ်ပန်၊ NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး စသူတို့နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသူဖြစ်သဖြင့် အရေးမယူခြင်းဖြစ်ကြောင်းလည်း ဝေဖန်ထောက်ပြမှုများရှိနေသည်။