၂. ၃. ၂၀၂၃
Written by Nay Aung
ကမ္ဘာတဝှမ်းရှိ ဒီဂျစ်တယ် အခွင့်အရေးများကို စောင့်ကြည့်နေသောအဖွဲ့စည်းဖြစ်သော Access Now နှင့် #KeepItOnတ ပူးပေါင်း၍ ၂၀၂၂ ခုနှစ်အတွင်း အင်တာနက် ဖြတ်တောက် ပိတ်ပင်ခံရသောအများဆုံးနိုင်ငံများကို ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း အင်တာနက်ဖြတ်တောက် ပိတ်ပင်ခံရမှုအများဆုံး ထိပ်ဆုံး ၅ နိုင်ငံထဲတွင် ပါဝင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သောနှစ်က ကမ္ဘာတဝှမ်းရှိ နိုင်ငံပေါင်း အနည်းဆုံး ၃၅ နိုင်ငံတွင် အင်တာနက် ဖြတ်တောက်ပိတ်ပင်ခံရမှု အကြိမ်ရေပေါင်း အနည်းဆုံး ၁၈၇ ကြိမ်ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ပိုမိုမြင့်တက်လာခဲ့ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်က ကမ္ဘာတဝှမ်းတွင် နိုင်ငံပေါင်း ၃၄ နိုင်ငံက အင်တာနက်ဖြတ်တောက်မှု အကြိမ်ရေ စုစုပေါင်း ၁၈၄ ကြိမ်ရှိခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတဝှမ်းတွင် အင်တာနက်ဖြတ်တောက် ပိတ်ပင်ခံရမှုအကြိမ်ပေါင်း အနည်းဆုံး ၇ ကြိမ်ရှိခဲ့ပြီး အင်တာနက် ပိတ်ပင်ခံရမှုအများဆုံး ကမ္ဘာနိုင်ငံများစာရင်းတွင် အဆင့် ၄ နေရာရပ်တည်နေကြောင်း သိရသည်။ အိန္ဒိယနိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာတဝှမ်းတွင် အင်တာနက် ဖြတ်တောက် ပိတ်ပင်မှုအများဆုံးဖြစ်ပွားခဲ့သော နိုင်ငံဖြစ်ပြီး ၈၄ ကြိမ်အထိ ပိတ်ပင်မှုများရှိခဲ့ကြောင်းသိရသည်။
၂၀၂၂ခုနှစ်အတွင်း ကမ္ဘာတဝှမ်းတွင် အင်တာနက် ပိတ်ပင်ခံရမှုအများဆုံး နိုင်ငံများထဲတွင် အိန္ဒိယ၊ ယူကရိန်း၊ အီရန်၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ထိပ်ဆုံး ၅ နိုင်ငံထဲတွင် ရပ်တည်နေကြောင်း သိရသည်။ အစိုးရများသည် နိုင်ငံအတွင်း ဖြစ်ပွားသော ဆန္ဒပြပွဲများ၊ ပဋိပက္ခများ၊ ရွေးကောက်ပွဲတို့နှင့် ပတ်သက်ပြီး အင်တာနက်ကို အဓိကထား ဖြတ်တောက်ပိတ်ပင်ခဲ့ကြောင်း Access Now က ဖော်ပြထားသည်။ ပြီးခဲ့သောနှစ်အတွင်း အင်တာနက် ဖြတ်တောက်ပိတ်ပင်ခဲ့သော နိုင်ငံပေါင်း ၃၅ နိုင်ငံထဲတွင် ရုရှား၊ တရုတ်၊ လစ်ဗျား၊ ဂျော်ဒန်၊ အိုမန်၊ အာဖန်ဂန်နစ္စတန်တို့လည်း ပါဝင်ကြောင်း သိရသည်။
ref—— accessnow