၂. ၃. ၂၀၂၃
Written By Thandar
ဒါရိုက်တာ စိန်လျှံထွန်းရဲ့ “ပြေလျော့နွေ”ရုပ်ရှင်ဇာတ်ကားကို မနက်ဖြန် မတ်လ ၃ရက်မှာ ပြင်သစ်နိုင်ငံ မာဆေးမြို့ တောင်ပိုင်းဒေသက LA BELEINE ရုပ်ရှင်ရုံမှာ ပြုလုပ်တဲ့ Medlab Program မှာ ပါဝင်ပြသမှာ ဖြစ်ပါတယ်။
Medlab Program မှာ ဒါရိုက်တာ စိန်လျှံထွန်း အပါအဝင် တခြားဒါရိုက်တာ ၇ ယောက်ရဲ့ ရုပ်ရှင်တွေကိုလည်း အတူတူ ရုံတင်ပြသမှာဖြစ်ပါတယ်။
“ပြေလျော့နွေ” ဇာတ်ကားမှာ သရုပ်ဆောင် အကယ်ဒမီ မျိုးသန္တာထွန်း က မေတ္တာနဲ့ပါဝင် ကူညီပေးထားတယ်လို့လည်း သိရပြီး သက်လတ်ပိုင်းအရွယ် အမျိုးသမီးရဲ့ ကြိုးစားရုန်းကန်ရမှုတွေ၊ အထီးကျန်ဆန်မှုတွေနဲ့ ရှင်သန်ရပ်တည်နေတဲ့ အမျိုးသမီးတစ်ဦးအကြောင်းကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
“ဘဝမှာ အကျေနပ်ဆုံးတစ်ခုက ဟိုမရောက် ဒီမရောက် ကာလမှာ မမျိုး(မျိုးသန္တာထွန်း) နဲ့ ဇာတ်လမ်းတို တစ်ကား ရိုက်ခွင့်ရခဲ့တာရယ်၊ ခက်ခက်ခဲခဲနဲ့ ဒီကားကို တည်းဖြတ်၊ ကာလာအသံက အစ ရုပ်ရှင်ဖြစ်အောင် ပံ့ပိုးပေးခဲ့တဲ့ ရွှေစင်ဦး ထုတ်လုပ်ရေးရယ်၊ ကိုယ့်အမြဲချစ်ခင်ကြတဲ့ ညီအကိုတွေရယ်ပါ။ လူနည်းနည်းနဲ့ ရိုက်ခဲ့ပေမယ့် ရုပ်ရှင်ကတော့ ကမ္ဘာ့ရှေ့နောက်ခရီးတွေ အများကြီး ခြေဆန့်ခဲ့ရတဲ့ ရုပ်ရှင်ပါပဲ။ ရုပ်ရှင်ပြတိုင်း မမျိုး သရုပ်ဆောင်တာ ကောင်းလိုက်တာ ပြောခံရတာကိုက သဘောတွေကျ မျက်ရည်ဝဲပါပဲ။ MedLab ရဲ့ ပရိုဂရမ်တခုပါ။ အမြဲတမ်း ယုံယုံကြည်ကြည်နဲ့ စိတ်တိုင်းကျတဲ့ထိ မညည်းမညူ သရုပ်ဆောင်ပေးတဲ့ မမျိုးကို အမြဲ ကျေးဇူးတင်လေးစားနေပါတယ်”လို့ ဒါရိုက်တာ စိန်လျှံထွန်းက သူရဲ့ Facebook မှာရေးသားထားပါတယ်။
ဒါရိုက်တာ စိန်လျှံထွန်း ကိုယ်တိုင် ဇာတ်လမ်းရေးဖွဲ့ ရိုက်ကူးထားတဲ့ “ပြေလျော့နွေ” ဇာတ်ကားက ပြင်သစ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Clermont-Ferrand 2021 မှာ ပွဲဦးထွက်ပြသခဲ့ပြီး International Competition ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ အပြင် ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Winterthur 2021 ရုပ်ရှင်ပွဲတော်၊ နယ်သာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Leiden Shot 2022 International Short Film Festival၊ ဆွစ်ဇာလန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Locarno Film Festival 2022 ရဲ့ အစီအစဉ်တစ်ခုဖြစ်တဲ့ Locarno Filmmakers Academy တို့မှာလည်း ပြသခဲ့ပါတယ်။ 2018 MSF ဆုပေးပွဲမှာလည်း ဒါရိုက်တာ စိန်လျှံထွန်း ရိုက်ကူးထားတဲ့ A Beer Girl In Yangon နဲ့ ဆုရရှိထားသူလည်းဖြစ်ပါတယ်။