၂. ၃. ၂၀၂၃
Written by Thuta Zaw
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ အမှိုက်ပုံးအတွင်း စွန့်ပစ်ထားသော ကိုယ်လက်အင်္ဂါ အပြည့်အစုံ ဖြစ်ပေါ်နေပြီဖြစ်သည့် သန္ဓေသား ရုပ်အလောင်းတစ်ခု တွေ့ရှိရကြောင်း ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့ထံက သိရသည်။
အဆိုပါ သန္ဓေသား ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၂ ရက် နံနက်ပိုင်းက ၃၃ လမ်း၊ အနော်ရထာလမ်းမထိပ်က အမှိုက်ပုံတွင် အမှိုက်ကောက်သူတစ်ဦးက တွေ့ရှိခဲ့ခြင်း ဖြစ်ကာ မိန်းကလေးငယ်ဖြစ်ကြောင်း တွေ့ရပြီး ကိုယ်လက်အင်္ဂါများ ပြည့်စုံနေပြီ ဖြစ်ကြောင်းလည်း ကျောက်တံတားမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
“ကျွန်တော်တို့ ကားထဲက PPE နဲ့ ထုပ်ပြီး ပို့လိုက်တယ်။ မအင်္ဂါလေးနဲ့ လူကောင်လေး ဖြစ်နေပြီ။ ချက်ကြိုးတန်းလန်းနဲ့ပါ။ ထဘီနဲ့ ထုပ်ထားတာ” ဟု ၎င်းက ဆိုသည်။
အဆိုပါ သန္ဓေသား ရုပ်အလောင်းမှာ ငါးလနှင့် ခြောက်လအကြား ရှိနေပြီဟု သိရှိသူများက ခန့်မှန်းကြကာ လက်ချောင်းငယ်များပင် ဖြစ်ပေါ်နေသည်ကို တွေ့ရကြောင်းလည်း ၎င်းက ဆိုသည်။