၂. ၃. ၂၀၂၃
Translated by Htwe Ko Tun
တိရစ္ဆာန်ကျန်းမာရေးအတွက် ကမ္ဘာလုံးဆိုင်ရာအဖွဲ့ (WOHA)က မြန်မာနိုင်ငံတွင် ကျွဲနွားများ၌ လျှာနာခွာနာရောဂါဖြစ်ပွားနေကြောင်း သတိပေးချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီးနောက်တွင် ထိုင်းနိုင်ငံ ကျွဲနွားမွေးမြူရေးဖွံ့ဖြိုးမှုဦးစီးဌာနက မြန်မာနိုင်ငံမှ ကျွဲနွားများတင်သွင်းမှုအား ရက် ၉၀ ရပ်ဆိုင်းထားရန် သတိပေးချက်တစ်စောင် ပြဌာန်းခဲ့ကြောင်း သိရသည်။
WOHA ၏ သတိပေးချက်အရ လျှာနာခွာနာရောဂါမှာ မြန်မာနိုင်ငံတစ်ဝန်းပျံ့နှံ့ဖြစ်ပွားလျက်ရှိကြောင်းလည်း သိရသည်။ သတိပေးချက်အရ ရောဂါကူးစက်ပျံနှံရခြင်း၏ အဓိကအကြောင်းရင်းမှာ ရောဂါကူးစက်ခံထားရသော တိရစ္ဆာန်များနှင့် ရောဂါကြောင့်သေဆုံးနေသည့် တိရစ္ဆာန်ခန္ဓာကိုယ်များအား သယ်ဆောင်ခြင်းတို့ကြောင့်ဖြစ်ပြီး အဓိကအားဖြင့် ကျွဲနွားများတွင် ဖြစ်ကြောင်းလည်း သိရသည်။ ထိုသတိပေးချက်တွင် ထိုင်းနိုင်ငံအတွင်းရှိ တိရစ္ဆာန်များအား ရောဂါမကူးစက်စေရန် အချက်နှစ်ချက်ဆောင်ရွက်ရန် ဖော်ပြထားသည်။ ပထမအချက်အနေဖြင့် ထိုင်းနိုင်ငံက ယခုအချိန်တွင် မြန်မာနိုင်ငံမှ ကျွဲနွားများတင်သွင်းမှု ခေတ္တရပ်ဆိုင်းထားရန်နှင့် ဒုတိယအချက်အနေဖြင့် အနည်းဆုံး ရက် ၉၀ ရပ်ဆိုင်းထားရန် ဖော်ပြခဲ့သည်။
လျှာနာခွာနာရောဂါမှာ စိုးရိမ်ဖွယ်ကောင်းသောရောဂါတစ်ခုဖြစ်ပြီး တိရစ္ဆာန်များတွင် လျင်မြန်စွာကူးစက်ပျံ့နှံ့ဖြစ်ပွားနိုင်မှုကြောင့် တိရစ္ဆာန်မွေးမြူသူများအဖို့ စီးပွားရေးကို ထိခိုက်စေနိုင်သည်။ အဆိုပါ ရောဂါဖြစ်ပွားမှုက ကျွဲ၊ နွား၊ ဝက်၊ သိုး၊ ဆိတ်နှင့် အခြားသော စားမြုံပြန်သတ္တဝါများတွင် သက်ရောက်ဖြစ်ပွားနိုင်သည်။ သို့သော် ၎င်းရောဂါက လူတို့အားကူးစက်ဖြစ်ပွားရန်မှာ ဖြစ်နိုင်ခြေအလွန်နည်းကြောင်း သိရသည်။
ထိုအတောအတွင်းမှာပင် ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီလအတွင်းက ငှက်တုပ်ကွေးရောဂါကြောင့် တိရစ္ဆာန်နှစ်ကောင်သေဆုံးခဲ့ပြီး ရောဂါဖြစ်ပွားမှု မြင့်တက်လာ၍ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းကာ ငှက်တုပ်ကွေးရောဂါ တိရစ္ဆာန်များတွင် ကူးစက်ဖြစ်ပွားမှုအား တားဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
Ref—-Laotian News