၂. ၃. ၂၀၂၃
Written by Nay Aung
မြန်မာနိုင်ငံ ရန်ကုန်မြို့သည် ကမ္ဘာပေါ်ရှိ မြို့များအနက် လေထုညစ်ညမ်းမှုအများဆုံး ဖြစ်ပေါ်လျက်ရှိနေသော ထိပ်ဆုံး ၁၀ မြို့တွင်ပါဝင်လျက်ရှိနေကြောင်း ဆွစ်ဇာလန်အခြေစိုက် လေထုအရည်သွေးနည်းပညာကုမ္ပဏီ IQAir က နောက်ဆုံးထုတ်ပြန်သော လေထုအရည်သွေး အဆင့်သတ်မှတ်စစ်တမ်းတွင် ဖော်ပြထားသည်။
IQAirက နောက်ဆုံးထုတ်ပြန်သော လေထုအရည်သွေး အဆင့်သတ်မှတ်ချက်တွင် ဘင်္ဂလားဒေရှ့်နိုင်ငံ ဒါကာမြို့က လေထုအညစ်ညမ်းဆုံးမြို့အဖြစ် ရပ်တည်နေပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့က လေထုညစ်ညမ်းမှု ဒုတိယအများဆုံးမြို့အဖြစ် ရပ်တည်နေကြောင်း သိရသည်။
ထို့အပြင် ကမ္ဘာပေါ်ရှိမြို့များအနက် လေထုညစ်ညမ်းမှုအများဆုံး မြိုပေါင်း ၁၀ မြို့ထဲတွင် အိန္ဒိယနိုင်ငံ၏ ဒေလီမြို့နှင့် မွန်ဘိုင်းမြို့၊ ပါကစ္စတန်နိုင်ငံ လာဟိုးမြို့၊ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့၊ တရုတ်နိုင်ငံ ရှန်ယန်မြို့၊ ဝူဟန်မြို့နှင့် ချန်ဒူးမြို့တို့ ပါဝင်လျက်ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့၏ လေထုထဲတွင် ညစ်ညမ်းမှုများကိုဖြစ်စေသော အမှုန့်ပစ္စည်းပါဝင်မှု (PM2.5)ပါဝင်မှုနှုန်းသည် လက်ရှိအချိန်တွင် ၂၁ ဒသမ ၆ ဆအထိရှိနေကြောင်း IQAir က ဖော်ပြထားသည်။ ရေရှည်နှင့် ရေတို့တွင် လေထုညစ်ညမ်းမှုများဖြစ်လာစေအောင် သက်ရောက်မှုများရှိနေသည့် အဆောက်အဦများ၊ ဆိုင်ကယ်နှင့် ကားများမှ မီးခိုးငွေ့ထုတ်လွှင့်မှုများ၊ စက်ရုံများမှ လေထုညစ်ညမ်းမှုကိုဖြစ်စေသော အရာများထုတ်လွှင့်မှု၊ အမှိုက်များကို မီးရှို့မှု၊ တောမီးလောင်ကျွမ်းမှုများနှင့် အဆောက်အဦတည်ဆောက်မှုနှင့် လမ်းပြင်ရာတွင်အသုံးပြုသော အရာများက လူဦးရေ ၇ သန်းနီးပါးရှိနေသော ရန်ကုန်မြို့တွင် လေထုညစ်ညမ်းမှုအများဆုံးဖြစ်စေသော အဓိကအကြောင်းအရင်းများ ဖြစ်လျက်ရှိနေကြောင်း သိရသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံရှိ မြို့များအနက် ဆိုင်ကယ်များ၊ ခရီးသွားယာဉ်များ၊ ကိုယ်ပိုင်ကားများ အသုံးပြုမှုများပြားနေသော မြို့ဖြစ်ရာ ဆိုင်ကယ်များ၊ သယ်ယူပို့ဆောင်ရေးကားများ၊ ကုန်ကားများနှင့် ကိုယ်ပိုင်ကားများမှ လေထုညစ်ညမ်းမှုကို ပိုမိုဖြစ်စေသောအမှုန့်များ၊ မီးခိုးများ ပိုမိုထုတ်လွင့်မှု များပြားလျက်ရှိနေကြောင်း သိရသည်။ ရန်ကုန်မြို့ကဲ့သိုသော အခြားမြို့များတွင် လေထုညစ်ညမ်းမှုကိုဖြစ်စေနိုင်သော ရုပ်ကြွင်းလောင်စာများ အသုံးပြုခြင်းအပြင် ဟောင်းနွမ်းနေသောအင်ဂျင်များ၊ ခေတ်မီမှုမရှိသောစက်များ၊ အင်ဂျင်များအသုံးပြုမှု ပါဝင်နေပြီး စက်ရုံများသည် လေထုညစ်ညမ်းမှုကို တားဆီးနိုင်ရန်အတွက် သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာမှုအားနည်းကြောင်း သိရသည်။
ref—— IQAir