၂. ၃. ၂၀၂၃
Written by Peya
ဝိနည်းဓိုရ် ဆရာတော်များအား ဝိနည်းဓိုရ်သင်တန်းများပေး၍ အရည်အသွေးမြှင့်တင်သင့်ကြောင်း နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ မြွက်ကြားတော်မူသည့် သာရဏီယ သြဝါဒကထာတွင် ထည့်သွင်း မိန့်ကြားခဲ့သည်။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက “န ခေါ ကဿပ ပထဝီဓာတု သဒ္ဓမ္မံ အန္တရ ဓာပေတိ၊ န အာပေါဓာတု သဒ္ဓမ္မံ အန္တရဓာပေတိ၊ န တေဇောဓာတု သဒ္ဓမ္မံ အန္တရဓာပေတိ၊ န ဝါယောဓာတု သဒ္ဓမ္မံ အန္တရ ဓာပေတိ၊ အထ ခေါ ဣဓေဝ တေ ဥပ္ပဇ္ဇန္တိ မောဃ ပုရိသာ ယေ ဣမံ သဒ္ဓမ္မံ အန္တရဓာပေန္တိ။ သေယျထာပိ ကဿပ နာဝါ အာဒိကေနေဝ သြပိလဝတိ၊ န ခေါ ကဿပ ဧဝံ သဒ္ဓမ္မဿ အန္တရဓာနံ ဟောတိ” ဟု (သံ၊ ၂၊ ၄၂၃) တွင် ဟောတော်မူခဲ့ပြီး အဓိပ္ပာယ်အကျယ်အားဖြင့် ဘုရားရှင်၏သာသနာတော်သုံးရပ်သည် ဓာတ်လေးပါး ပျက်ခြင်းကြောင့် ကွယ်ပျောက်ရသည်မဟုတ်ကြောင်း၊ သာသနာအတွင်းမှာ ဖြစ်ကြသည့် (သာသနာ့အတွင်းသား) မောဃ ပုရိသခေါ် ရဟန်းသာမဏေတို့ကြောင့်သာ ကွယ်ပျောက်ရကြောင်း၊ ဥပမာအားဖြင့် ဝန်တင်သောလှေသည် ဝန်ပြည့်ခြင်းကြောင့်သာ နစ်မြုပ်ရသကဲ့သို့ ဤအတူပင် ပရိယတ်စသည်ကြောင့် သာသနာတော်ကွယ်ရသည်မဟုတ်ဘဲ သာသနာ့တာဝန်ကိုကျေပွန်အောင် မထမ်းဆောင်ကြဘဲ သာသနာတော် ကြီးကွယ်ပျောက်နစ်မြုပ်အောင် ဖိစီးနေကြသည့် မောဃပုရိသခေါ် သာသနာ့ဝန်စီးများကြောင့်သာ သာသနာကွယ်ပျောက်ရသည်ဟု ဟောတော်မူကြောင်း ဆရာတော်ကြီးက မိန့်ကြားသည်။
“ထို့ကြောင့် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်၌ ပါဝင်တော်မူကြသော ဆရာတော်အားလုံးတို့သည် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို ကျွမ်းကျင်အောင်လေ့လာကြစေရန်၊ စိတ်ပါဝင်စားစွာဖြင့် တက်တက်ကြွကြွ ဆောင်ရွက်ချင်လာကြစေရန် နာယကသင်တန်းများပေးခြင်း၊ သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားစေလိုသော စိတ်ဓာတ်များ ဖြည့်တင်းပေးခြင်းဖြင့် သံဃာ့အဖွဲ့အစည်းများ၏ အရည်အချင်းကို မြှင့်တင်ပေးသင့်သည့်အပြင် ဝိနည်းဓိုရ်ဆရာတော်များ၏ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်မှု အားနည်းခြင်းကြောင့်လည်း ဝိနိစ္ဆယဆုံးဖြတ်ချက်များ ချွတ်ယွင်းခြင်း၊ ပီပြင်မှုမရှိခြင်း၊ မူလပျက်ဖြစ်ခြင်းစသည်များ ကြုံတွေ့နေရသဖြင့် ဝိနည်းဓိုရ် ဆရာတော်များကိုလည်း ဝိနည်းဓိုရ်သင်တန်းများပေး၍ အရည်အသွေး မြှင့်တင်သင့်ပါသည်ဘုရား။ နိုင်ငံတော်မှစ၍ ရပ်/ကျေးအထိ သံဃာ့အဖွဲ့အစည်းများ ကျစ်လျစ်စွာ တည်တံ့ခိုင်မြဲအောင် သံဃာ့အဖွဲ့အစည်းအခြေခံ စည်းမျဉ်းနှင့် လုပ်ထုံးလုပ်နည်းများ၌ ပျော့ကွက် ဟာကွက်လိုအပ်ချက်များကို လေ့လာစိစစ်၍ ဖြည့်စွက်ပြင်ဆင် ဖြုတ်ပယ်သင့်သည်များကို ဖြည့်စွက်ပြင်ဆင်ဖြုတ်ပယ်လျက် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်ကို ပိုမိုကျစ်လျစ်ခိုင်မာသေသပ်စွာ တည်တံ့နိုင်အောင် ကြိုးစားအားထုတ်ကြရန် တိုက်တွန်းလိုပါသည်ဘုရား” ဟု ဆရာတော်ကြီးက မိန့်ကြားသည်။