၂. ၃. ၂၀၂၃
Written by Hey Mar
မတ်လ ၁၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးနေ့အတွက် စားသုံးသူကဏ္ဍမြှင့်တင်ဖို့ သန့်ရှင်းစွမ်းဆောင်ကူးပြောင်းစို့ ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စားသုံးပြည်သူများ စိတ်ပါဝင်စားမည့် အစီအစဥ်များကို ဆန်းသစ်တီထွင်ပြီး ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက မတ်လ ၁ရက်နေ့တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခမ်းမ (၁) ၌ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အစည်းအဝေး (၁/၂၀၂၃) သို့ တက်ရောက်စဥ် ပြောကြားခဲ့သည်။
အဆိုပါ အစည်းအဝေးတွင် ဝန်ကြီးက စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ စားသုံးသူတိုင်ကြားမှုနှင့် အရေးယူမှုဆိုင်ရာ လုပ်ငန်းစဥ်များ၊ စျေးကွက်စောင့်ကြည့်စစ်ဆေးရေးလုပ်ငန်းစဥ်နှင့် ဘေးအန္တရာယ်ရှိသည့်ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများကို စျေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်းစေခြင်းနှင့် တားမြစ်ခြင်းဆိုင်ရာလုပ်ငန်းစဥ်များကို လည်း ထုတ်ပြန်ထားရှိပြီးဖြစ်ကြောင်း၊ သို့သော် စားသုံးသူများမှာ စားသုံးသူကာကွယ်ရေးဥပဒေနှင့် ဥပဒေပါ စားသုံးသူ
အခွင့်အရေးများကို ကောင်းစွာသိရှိသူလွန်စွာ နည်းပါးနေသေးကြောင်း ၊ အထူးသဖြင့် စားသုံးသူများက ၎င်းတို့ နစ်နာဆုံးရှုံးမှုများအတွက် ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့် ၊ ကုစားခွင့်များကို ဥပဒေကစားသုံးသူအခွင့်အရေးများအဖြစ် ပေးအပ်ထားမှုအပေါ် ပိုမိုကျယ်ပြန့်စွာသိရှိအောင် ဆောင်ရွက်ပေးနိုင်ရန် အဓိကဆွေးနွေးခဲ့ကြောင်းသိရသည်။
စားသုံးသူဥပဒေအရ ပေးအပ်သည့် အခွင့်အရေးများလည်းရှိသလို အခြားတစ်ဖက်တွင်လည်း ဥပဒေအရ လိုက်နာရမည့် တာဝန်ရှိကြောင်းနှင့် အသိပညာပေးအစီအစဥ်များကို ကော်မတီဝင်များက မဖြစ်မနေဆောင်ရွက်ကြရန်နှင့် ထိုသို့ အသိပညာပေးဆောင်ရွက်ရာတွင် လူငယ်လူရွယ်များအား အဓိကထား မျှဝေဆောင်ရွက်ကြဖို့လည်း ဆက်လက်ညွှန်ကြားခဲ့ကြောင်း သိရသည်။