၂. ၃. ၂၀၂၃
Written by Hey Mar
ယနေ့မနက်အစောပိုင်း ၄ နာရီ ၃၈ မိနစ်အချိန်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၈) ရပ်ကွက်၊ သခင်မြပန်းခြံအနီး၊ အောင်ရတနာလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်မှု ဖြစ်စဥ်နေရာတွင် အုန်းဆီစက်ရုံနှင့် အလုပ်သမားတန်းလျားများ၊ အမှတ် ၃၀ ယာဥ်လိုင်း ဂိတ်ရင်းနေရာလည်းဖြစ်ပြီး လူနေဆိုင်ခန်းသဖွယ်ငှားရမ်းနေထိုင်ကြသော ပေ ၁၀၀၊ ပေ ၄၀ ဝန်းကျင်အကွက်အတွင်းမှ အဆောက်အဦများ လောင်ကျွမ်းခြင်းဖြစ်ကြောင်း သိရသည်။
“မီးစလောင်တာကို အဲဒီတန်းလျားမှာနေတဲ့ ဒန်ပေါက်ချက်တဲ့ အိမ်က စတွေ့ပြီး မီးသတ်ကို အကြောင်းကြားတာပါ။ အဲဒီ နေရာတစ်ဝိုက်မှာက လူနေ ၂ ထပ်ဆိုင်ခန်းနဲ့ အုန်းဆီစက်ရုံ အလုပ်သမားတန်းလျားရယ်၊ နောက်ပြီး ဘော်တယ်ဆိုင်ရယ်၊ သစ်အဟောင်းဆိုင်၊ နောက် နယ်ကိုပို့မယ့် ကုန်လက်ခံဂိတ် ဒါတွေရှိတယ်။ လောင်အား ကောင်းတာတွေချည်းပဲ။ သခင်မြပန်းခြံတစ်ဝိုက် အထမ်းနဲ့ လှည်းသည်တွေရဲ့ ပစ္စည်းတွေကလည်း အဲဒီတန်းလျားမှာ အပ်တာပဲ။ ပေ၁၀၀ အရှည်နဲ့ အနောက်ကို ၄၀ လောက်ရှည်မယ့် တန်းလျားတွဲ တစ်ခုလုံး လောင်တဲ့အပြင် သူ့အနောက်က လုံးချင်းအိမ် ၃ လုံးပါ ပါသွားပါတယ်။ လူထိခိုက်မှုက မီးသတ်တပ်ဖွဲ့ဝင်တွေ မီးဟပ်ခံရတာမျိုး လောင်စာများလို့ အောက်စီဂျင်ပေးရတာမျိုးတွေရှိခဲ့ပါတယ်” ဟု မီးလောင်ပြင်တွင် ဖြစ်စဥ် အစအဆုံး ဝင်ရောက်ကူညီခဲ့သူ ကြီးလေးကြီးပရဟိတ အဖွဲ့မှ တာဝန်ရှိသူက MT News သို့ ပြောသည်။
မီးလောင်မှုကို ကျောက်တံတားမြို့နယ် မီးသတ်စခန်းမှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး Level -2 အဆင့်ခေါ်ယူငြှိမ်းသတ်ခဲ့ရကာ မနက် ၅ နာရီ ၄၄ မိနစ်ခန့်တွင် မီးငြိမ်းခဲ့သည်ဟု မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဗဟို၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။