October 22, 2024

ရန်ကုန်မြို့လယ်ရှိ အိမ်ခြံမြေအဆောက်အအုံများကို တွေ့ရစဥ်

၇. ၁၀. ၂၀၂၂
Written by Thi Ha

ရန်ကုန်မြို့ရှိ အိမ်ခြံမြေစျေးကွက်တွင် နိုင်ငံခြားသားအများစု ငှားရမ်းနေထိုင်သည့် တစ်လ ကျပ် ၁၀ သိန်းအထက်ပေးရသော အဆင့်မြင့်အိမ်ရာများ၊ ကွန်ဒိုတိုက်ခန်းများ၏ အငှားစျေးကွက်မှာ ပျက်သလောက်ဖြစ်နေပြီး ပြန်လည်ရောင်းချရာတွင်လည်း ဝယ်ယူမှုနည်းပါးနေသည်ဟု အိမ်ခြံ မြေလုပ်ငန်းလုပ်သူများထံမှ စုံစမ်းသိရသည်။

ရန်ကုန်မြို့ရှိ အဆင့်မြင့် အထပ်မြင့်အိမ်ရာများ၊ ကွန်ဒိုများတွင် ငှားရမ်းနေထိုင်ကြသည့် နိုင်ငံခြားသားအများစု ဌာနေ ပြန်ကြသည်များရှိသလို၊ ကုမ္ပဏီ ရုံးခန်းများ ပိတ်သိမ်းခြင်း၊ အစိုးရမဟုတ်သော အဖွဲအစည်းများ (NGO) Project များ ရပ်ဆိုင်းထားခြင်း စသည့်ဖြစ်စဥ်များကြောင့် အိမ်ရာတိုက်ခန်းများ ထပ်မံငှားရမ်းခြင်း မရှိတော့သည့်အတွက် အိမ်ပိုင်ရှင်များမှာ လစဥ်အိမ်ရာကို ထိန်းသိမ်းပြုပြင်ရေးစရိတ်များ အိတ်စိုက်ပေးဆောင်နေရကြောင်း အိမ်ခြံမြေ အရောင်းအဝယ် အငှား အကျိုးဆောင်များထံမှ သိရသည်။

“အလုံက ခရစ္စတယ်တာဝါဆို ငှားရမ်းခ က တစ်လကို သိန်း ၅၀ နဲ့ ၁၀၀ ကြား ရှိတယ်။ အခု ဂျပန် ကုမ္ပဏီ ၂ ခုက ဒီလကုန် ပြန်ထွက်မယ်။ ပုလဲကွန်ဒိုတို့ လှည်းတန်းက အဆင့်မြင့်တာဝါတွေ အတော်များများ အငှားစျေးကွက်ရပ်ကုန်တယ်။ စျေးကွက်အပ်သူ များလာတာပဲရှိတယ်။ ငှားမယ့်သူ မရှိဘူးလို့ ပြောလို့ရတယ်။ စျေးချပေးကြပေမယ့်လဲ ဖြစ်သင့်တဲ့ စျေးမှာပဲ ထားရတာမို့ Matainance Fees က ပိုင်ရှင်တွေ အသားတင်ထွက်နေတာပေါ့” ဟု အိမ်ခြံမြေလုပ်ငန်းရှင်တစ်ဦးက MT News ၏ မေးမြန်းမှုကို ဖြေကြားသည်။

ထို့ပြင် လုပ်ငန်းလုပ်ဆောင်စဥ်က မြန်မာနိုင်ငံသားအမည်ခံ ဝယ်ယူထားသော အချို့လုံးချင်းအိမ်ရာနှင့် တိုက်ခန်းများကိုလည်း ယခုအခါ စျေးကွက်တင် ပြန်လည်ရောင်းချရန် အေဂျင်စီများထံ အပ်နှံထားကြသည်ဟု သိရသည်။ ထိုသို့ ပြန်လည်ရောင်းချရန် အပ်နှံသည့် အိမ်ရာအခန်းပေါင်းမှာ အဆိုပါ အိမ်ခြံမြေအကျိုးဆောင် တစ်ခုတည်း၌ပင် ထောင်ဂဏာန်းနီးပါး ရှိနေသည်ဟု ဆိုသည်။

“ပုံမှန် အရောင်းစျေးကွက်မဟုတ်ဘဲ စျေးဆွဲတင်ထားတဲ့ စျေးကွက် ဖြစ်နေတာရယ်၊ ပုံမှန် အရောင်း အဝယ် အငှား အေးတာမဟုတ်ဘဲ ဝယ်လက်မရှိတဲ့ စျေးကွက်ဖြစ်နေတာရယ်ကြောင့် စျေးကွက် ပျက်တယ်လို့ ဆိုရတာပါ။ အထည်ကြီး အိမ်ရာတွေက နိုင်ငံခြားသားနဲ့ နိုင်ငံခြားဖက်စပ်လုပ်ငန်းတွေဆီကို တည်မှီရတာ များတယ်။ နောက်နှစ်အထိ အေးနိုင်မယ်လို့ ခန့်မှန်းရတယ် ” ဟု ယင်းက ဆက်လက်ပြောဆိုသည်။

အချို့သော နိုင်ငံခြား ဖက်စပ်ကုမ္ပဏီများအနေဖြင့်လည်း ကုန်ကျစရိတ်လျှော့ချသည့် အနေဖြင့် ဒုတိယတန်းစား ကွန်ဒိုတိုက်ခန်းများနှင့်၊ မြို့သစ်မြို့နယ်များမှ လုံးချင်းအိမ်ရာများထံ ဝိတ်လျှော့ ပြောင်းရွှေ့ကြသည်များလည်း ရှိသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *